မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်ရှိ လိုင်စင်ရ သားသတ်ရုံ တွင်
သားသတ်မှု မပြုဘဲ နေအိမ် တွင်း သားသတ်ခဲ့သူ တစ်ဦးကို သြဂုတ်လ ၂၂ ရက်နေ့တွင်
မန္တလေးမြို့တော် စည်ပင် သာယာရေး ကော်မတီက ကျပ်ငါးသောင်း ဒဏ်ငွေ
ရိုက်ခဲ့ကြောင်း အဆိုပါကော်မတီ အခွန်ဌာန တာဝန်ရှိသူထံမှ သိရသည်။“အိမ်ထဲမှာ ဆိတ်သား သားသတ်နေလို့ ဝင်ဖမ်းတာ။ လေလံ စည်းကမ်းချက်တွေနဲ့ မကိုက်ညီလို့ ဒဏ်ငွေ ငါးသောင်း ရိုက်တယ်” ဟု ၎င်းက ဆိုသည်။
မန္တလေးမြို့တော်တွင် ဆိတ်၊ နွားသတ် လိုင်စင်နှင့် ဝက်သတ် လိုင်စင်ရ သားသတ်ရုံ နှစ်ရုံခန့် ရှိပြီး အခြား မည်သည့်နေရာတွင်မျှ သားသတ်ခွင့် မပြုကြောင်း ၎င်းက ထပ်မံ ပြောကြားသည်။
အသား အရောင်းဆိုင်များနှင့် သားသတ် လိုင်စင်ရသူများကို လေလံ စည်းကမ်းချက် လိုက်နာခြင်း မရှိပါက အရေးယူသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
“အရောင်းဆိုင်တွေကိုလည်း စည်းကမ်းနဲ့ မညီရင် အရေးယူမှု ရှိပါတယ်” ဟု အခွန်ဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် ဇွန်လပိုင်းက အောင်မြေသာစံမြို့နယ်ရှိ နန်းရှေ့ ဈေးတွင် တရားမဝင် ဖွင့်လှစ် ရောင်းချနေသည့် ဆိတ်သားဆိုင်ကို ဒဏ်ငွေ ကျပ် တစ်သိန်း ပေးဆောင်စေသည့်အပြင် နန်းရှေ့ဈေးတွင် ဝက်သား အရောင်းဆိုင် နှစ်ဆိုင် လိုင်စင် ယူထားပြီး တစ်ဆိုင်တည်းတွင်သာ ရောင်း ချနေသဖြင့် ကျပ်ငါးသောင်း ဒဏ်ငွေ ဆောင်ရသည်များ ရှိကြောင်း အခွန်ဌာနထံမှ ထပ်မံ သိရသည်။
“လိုင်စင်မရှိဘဲ အသားရောင်းနေတဲ့ ဈေးသည်တွေ ဟိုတစ်သည်၊ ဒီ တစ်သည်တော့ ရောင်းနေ တာ တွေ့နေရတယ်” ဟု အောင်မြေသာစံ မြို့နယ်တွင် နေထိုင်သူ အသက် ၅၀ အရွယ် အိမ်ရှင်မ တစ်ဦးက ပြောကြား သည်။

No comments:
Post a Comment