Friday, August 23, 2013

ဘိုရှီလိုင်း တရားစီရင်မှု စတင်၊ အကျင့်ပျက် လာဘ်စားကြောင်း စွပ်စွဲချက် ငြင်းဆို

တရုတ် ကွန်မြူနစ်ပါတီ ထိပ်တန်း ခေါင်းဆောင်ဟောင်း တစ်ဦးဖြစ်သူ ဘိုရှီလိုင်းကို ဂျီနန် တရားရုံး၌ အကျင့်ပျက် လာဘ်စားမှု၊ အာဏာ အလွဲသုံးစား ပြုမှုများဖြင့် စတင် တရားစီရင်နေပြီး အကျင့်ပျက် လာဘ်စားမှု မရှိဟု ဘိုရှီလိုင်းက ငြင်းဆိုထားကြောင်း AL Jazeera သတင်းတွင် ဖော်ပြ ထားသည်။
ဂျီနန်မြို့ တရားရုံးကို လုံခြုံရေး တင်းကျပ်စွာ ချထားပြီး ရဲတပ်ဖွဲ့ဝင်များက ဘိုရှီလိုင်းကို တရားခွင် တွင်းသို့ စောင့်ရှောက် ခေါ်ဆောင်လာခဲ့သည်။


ဘို၏ ဆွေမျိုး ငါးဦး တရားရုံးသို့ ရောက်ရှိနေပြီး ဂျာနယ်လစ် ၁၉ ဦးနှင့် နိုင်ငံသား ၈၄ဦးလည်း ရောက် ရှိနေကြောင်း BBC သတင်းတွင် ဖော်ပြ ထားသည်။နိုင်ငံခြား သတင်းထောက်များကို တရားရုံးသို့ ဝင်ခွင့် မပေးချေ။“တရုတ် တရားဥပဒေနှင့်အညီ တရား မျှတစွာ တရား စီရင်သွားမည် ဟု မျှော်လင့်ပါတယ်” ဟု ဘိုရှီလိုင်းက တရားရုံးတွင် ပြောကြားသည်။

တာ့လျန်းမြို့ အခြေစိုက် စီးပွားရေးသမား နှစ်ဦးထံမှ ဘိုရှီလိုင်း လာဘ်ငွေ ဒေါ်လာ ၃ ဒသမ ၅၆ သန်း လက်ခံ ရယူခဲ့ကြောင်း ဂျီနန် တရားရုံး၏ စွဲချက်တွင် ဖော်ပြထားသည်။

သို့သော်လည်း ဘိုရှီလိုင်း အမှုနှင့် ပတ်သက်သည့် သက်သေ အထောက်အထားများကို ၎င်းက ပြန်လည် ခုခံ ငြင်းဆိုသွားခြင်း မရှိကြောင်း တရုတ်အစိုးရပိုင် သတင်းတွင် ဖော်ပြထားသည်။


တရားစီရင်မှုမှာ နှစ်ရက်တာ ကြာမြင့်မည် ဖြစ်ပြီး စက်တင်ဘာလ အစောပိုင်း တွင် အဆုံးသတ် အမိန့် ချမှတ်မည် ဖြစ်သည်။

ဗြိတိသျှ စီးပွားရေးသမား နေးဟေးဝတ်ကို ဘိုရှီလိုင်း၏ ဇနီး သတ်ဖြတ် ခဲ့ကြောင်း စုံစမ်း ဖော် ထုတ်နိုင်ခဲ့ပြီးနောက် ဘိုရှီလိုင်းကို တရားစွဲဆိုမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။


ဘိုရှီလိုင်းကို မည်သည့် ပြစ်မှုများဖြင့် တရားစွဲဆိုကြောင်း တရုတ် အာဏာပိုင်များက ရှင်းလင်းစွာ ထုတ်ဖော်ခြင်း မရှိသော်လည်း ဘိုနှင့်သာ သက်ဆိုင်သော လုပ်ဆောင်ချက်များကို တရားစွဲရန်၊ ၎င်း၏ နိုင်ငံရေးဘဝ ရပ်ဆိုင်းရန် ခေါင်းဆောင်များက ရည်ရွယ်ထားကြောင်း လေ့လာ သုံးသပ်သူ များက ပြောကြားသည်။


ထို့အပြင် တရုတ် ထိပ်တန်း အရာရှိကြီးများ တရားဥပဒေမဲ့ ပြုမူလေ့ ရှိကြောင်း ခန့်မှန်းပြောကြားမှုများ တရားစီရင်ရာတွင် ပေါ်ထွက်မလာစေရန် လည်း ကြိုးပမ်း ရှောင်တိမ်းနေကြောင်း Al Jazeera သတင်းတွင် ဖော်ပြ ထားသည်။


ဗြိတိသျှ စီးပွားရေးသမားကို ဘို၏ ဇနီးက သတ်ဖြတ်ခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ ၂၀၁၁ ခုနှစ်တွင်း စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ရာတွင် ဘိုရှီလိုင်း က ပိတ်ပင်မှုများ ပြုလုပ်ခဲ့သဖြင့် အာဏာ အလွဲသုံးစားမှုဖြင့် စွပ်စွဲခံနေ ရသည်။


“အများစုကတော့ ဒီအမူကို နိုင်ငံရေးနဲ့ပဲ ဆိုင်တယ်လို့ ယူဆနေကြတယ်။ ဘယ်လို အမိန့် ချမှတ်မယ်၊ ဒါမှမဟုတ် နောက်ကွယ်က သဘော တူညီချက်တွေ ရယူပြီးပြီလား၊ အဲဒါတွေကို စောင့်ကြည့်နေကြ တယ်” ဟု Al Jazeera သတင်းတွင် ဖော်ပြထားသည်။


ဘို တရားစွဲဆိုခံရမှုသည် နိုင်ငံရေးရာ လှုံ့ဆော်မှု ပါဝင်ခြင်းကြောင့် ရှုတ်ချကြောင်း တရုတ် နိုင်ငံသား အချို့ တရားရုံး ပြင်ပတွင် စုဝေး ဆန္ဒပြနေ သည်။


ချုံကင်းမြို့ ကွန်မြူနစ်ပါတီ အကြီးအကဲအဖြစ် ဘိုရှီလိုင်း တာဝန် ထမ်းဆောင်ချိန်တွင်း ရာဇဝတ်မှုများကို အပြင်းအထန် နှိမ်နင်းခဲ့ပြီး ယဉ်ကျေးမှု တော်လှန်ရေးခေတ် ကွန်မြူနစ် သီချင်းများ ကို ပြန်လည် ဖော်ထုတ် သီဆိုခိုင်းမှုများ ပြုလုပ်ခဲ့သဖြင့် လူသိများ ထင်ရှား လာသော်လည်း တရုတ် ထိပ်တန်း ခေါင်းဆောင်ပိုင်းတွင် ဘို၏ အပြုအမူ များနှင့် ပတ်သက်၍ သဘောထား ကွဲလွဲမှုများ ပေါ်ပေါက်ခဲ့ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
 

No comments:

Post a Comment