အမေရိကန် ရေတပ်နှင့် စစ်ရေး ပူးပေါင်း လေ့ကျင့်ရန် တရုတ် စစ်သင်္ဘော သုံးစင်း ကွမ်ဒေါင်း ဆိပ်ကမ်းမှ ဟာဝိုင်အီ ဒေသသို့ ဦးတည် ထွက်ခွာ သွားကြောင်း AP သတင်းတွင် ဖော်ပြထားသည်။
ဟာဝိုင်အီဒေသအနီး ရေပြင်တွင် အမေရိကန်ရေတပ် သင်္ဘောများနှင့် တရုတ် သင်္ဘောများ ပူးပေါင်းပြီး ရှာဖွေ ကယ်ဆယ်ရေး စစ်ရေး လေ့ကျင့်မှု ဆောင်ရွက်မည် ဖြစ်သည်။ထို့နောက် သြစတြေးလျနှင့် နယူးဇီလန် နိုင်ငံများသို့ တရုတ် စစ်သင်္ဘောများ ဆက်လက် ခုတ်မောင်းပြီး အလားတူ လေ့ကျင့်ခန်းများ ပူးပေါင်း ဆောင်ရွက် ကြမည် ဖြစ်သည်။
တရုတ် ရေတပ် သင်္ဘော အုပ်စုတွင် ဖရီးဂိတ်သင်္ဘော တစ်စင်း၊ ဒုံးကျည်တင် ဖျက်သင်္ဘော တစ်စင်းနှင့် ထောက်ပံ့ရေး သင်္ဘော တစ်စင်းတို့ ပါဝင်ပြီး ရဟတ်ယာဉ် တစ်စင်းနှင့် ရေတပ်ဖွဲ့ဝင် ၆၈၀ ထိ လိုက်ပါသွား ကြသည်။
တရုတ်နှင့် အမေရိကန်ပြည်ထောင်စုကြား ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရန် ဇွန်လအတွင်း ကယ်လီဖိုးနီးယား ပြည်နယ်၌ ကျင်းပခဲ့သည့် ဆွေးနွေးပွဲတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အမေရိကန် သမ္မတ အိုဘားမားတို့ သဘော တူညီခဲ့သည်ကို အခြေခံပြီး ရေတပ် စစ်ရေး လေ့ကျင့်မှု ပေါ်ပေါက် လာခြင်း ဖြစ်သည်။
စစ်ဘက် သံတမန်ရေးမှာ အရေးကြီးသော မစ်ရှင်တစ်ရပ် ဖြစ်ကြောင်း တရုတ် ရေတပ် ဒုတိယ အကြီးအကဲ ဇူဟောင်မန်က တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် သတင်းစာသို့ ပြောကြားသည်။
အမေရိကန် ရေတပ်နှင့် တရုတ် ရေတပ်ကြား စစ်ရေး ပူးပေါင်း လေ့ကျင့်လေ့ မရှိဘဲ လက်ရှိ လေ့ကျင့်မှုမှာ ပြီးခဲ့သည့် နှစ်အတွင်း ဆိုမာလီယာ ရေပြင် ၌ နှစ်နိုင်ငံ ရေတပ်ကြား ပူးပေါင်း ဆောင်ရွက်ခဲ့ သည့် နောက်ပိုင်း ပထမဆုံး အကြိမ် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
ထို့အပြင် စစ်ပညာ သင်ကြားမှုများအတွက် တရုတ်နှင့် အမေရိကန် စစ်တပ် အရာရှိများ အပြန်အလှန် လဲလှယ်ရန် နှစ်နိုင်ငံ သဘောတူညီထားသည်။
၂၀၁၄ ခုနှစ်တွင်လည်း ပစိဖိတ် နှုတ်ခမ်းဟု အမည်ရသော အပြည်ပြည်ဆိုင်ရာ ရေကြောင်း လေ့ကျင့်မှုကြီး တစ်ရပ်တွင် တရုတ် ရေတပ် ပထမဆုံး ပါဝင်မည် ဖြစ်သည်။
အမေရိကန်ပြည်ထောင်စု၏ ပစိဖိတ်ဒေသတွင်း အင်အား တိုးချဲ့မှုများ၊ မဟာမိတ် တိုးချဲ့ ဖွဲ့စည်းမှု များကြောင့် တရုတ်နိုင်ငံက မယုံကြည်မှုများ တိုးပွားနေခြင်းကြောင့် နှစ်နိုင်ငံကြား ယုံကြည်မှု တည်ဆောက်နိုင်ရန် စစ်ဘက် ပူးပေါင်း ဆောင်ရွက်မှု ယခုကဲ့သို့ တိုးမြှင့်လာခြင်း ဖြစ်သည်။
The Voice Weekly
No comments:
Post a Comment