
မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကို ကုလသမဂ္ဂသို့
အစီရင်ခံ တင်ပြရန် လာရောက်သည့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏
မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာကင်တားနား၏ ၁၁
ရက်ကြာ ခရီးစဉ်မှာ အောင်မြင်မှု မရှိကြောင်း မစ္စတာကင်တားနားက ပြောကြားသည်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏
မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာကင်တားနားသည်
သြဂုတ်လ ၂၂ ရက်နေ့က ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ထိုင်း-မြန်မာ
နယ်စပ်ရှိ လူ့အခွင့်အရေး လှုပ်ရှားသည့် အဖွဲ့အစည်း ခြောက်ဖွဲ့နှင့်
တွေ့ဆုံစဉ် ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
မစ္စတာ
ကင်တားနားသည် ထိုင်း-မြန်မာ နယ်စပ် လူမှု ကူညီစောင့်ရှောက်ရေး အသင်း (TBBC)၊
ကရင် အမျိုးသမီး အစည်းအရုံး (KWO)၊ ကရင် လူ့အခွင့်အရေးအဖွဲ့ (KHRG)၊
ဒေါက်တာ စင်သီယာမောင်၏ မယ်တော်ဆေးခန်း တာဝန်ရှိသူများ၊ မြန်မာပြည်သား
မိတ်သဟာယအဖွဲ့ (BPS) နှင့် နိုင်ငံရေး အကျဉ်းသား စောင့်ရှောက်ရေးအဖွဲ့
(AAPP) တို့နှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
မစ္စတာ ကင်တားနားက ၎င်း၏
ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ တပ်မတော် ကာကွယ်ရေး
ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့နှင့် တွေ့ဆုံခွင့်
တောင်းခဲ့သော်လည်း အစိုးရ တာဝန်ရှိသူများက ခွင့်ပြုခဲ့ခြင်း မရှိကြောင်း
ကင်တားနားက အဆိုပါ တွေ့ဆုံပွဲတွင် ပြောကြား ခဲ့သည်။
၎င်း၏ ခရီးစဉ် အတွင်းတွင် ကချင်ပြည်နယ် ဒုက္ခသည် စခန်းများသို့လည်း သွားရောက် လေ့လာခွင့် မရခဲ့ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
မြန်မာနိုင်ငံ ခရီးစဉ်အတွင်း အစိုးရက လုံခြုံရေး အပြည့်အဝ ချထားပေးခြင်း
မရှိသဖြင့် ဆန္ဒပြသူ အချို့၏ တိုက်ခိုက်ခြင်း ခံခဲ့ရကြောင်း ၎င်းက ဆိုသည်။
“ကင်တားနားရဲ့ ပြောကြားချက်တွေက အရင် ခရီးစဉ်တွေတုန်းကလိုပဲ
အခြေအနေမှန်နဲ့ လုံးဝ ကွဲပြားနေပါတယ်” ဟု နိုင်ငံတော် သမ္မတ ပြောရေး
ဆိုခွင့်ရှိသူ ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ်က The Voice သို့
ပြောကြားသည်။
မစ္စတာ ကင်တားနား၏ မိတ္ထီလာ ခရီးစဉ် အစတွင် ၎င်းစီးနင်း
လိုက်ပါ လာသော မော်တော်ယာဉ်တန်း နှင့် အတူ ခရိုင် ရဲတပ်ဖွဲ့မှူး ဦးစီးသော
ရဲတပ်ဖွဲ့ဝင် ခြောက်ဦး၊ တံတားပေါ်တွင် မြို့နယ် ရဲတပ်ဖွဲ့မှူး ဦးစီးသော
ရဲတပ်ဖွဲ့ဝင် ၂၆ ဦး၊ ယာဉ်ထိန်းရဲ ခုနစ်ဦးတို့က ဝန်းရံ၍ အပြည့်အဝ အကာအကွယ်
ပေးအပ်ထားကြောင်း ဦးရဲထွဋ်က ရှင်းပြသည်။
“ကားကို ကန်ကျောက်၊ ထုနှက်တယ် ဆိုတာ မဟုတ်ပါဘူး၊ ဆန္ဒပြ ပြည်သူတွေထဲက တစ်ဦးက မှန်တံခါးခေါက် ပြီး စာ တစ်စောင် ပေး တာပါ” ဟု ၎င်းက ဆိုသည်။
မစ္စတာ ကင်တားနားသည် သြဂုတ်လ ၁၁ ရက်နေ့မှ စတင်ကာ ၂၂ ရက်နေ့
မြန်မာနိုင်ငံသို့ ၁၁ ရက်ကြာ လာရောက်ခဲ့ပြီး အမျိုးသား ဒီမိုကရေစီ
အဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စု ဝန်ကြီး
အချို့၊ လူ့အခွင့်အရေး ကော်မရှင်နှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများ ကို
တွေ့ဆုံခဲ့သည်။






0 comments:
Post a Comment