Thursday, August 22, 2013

ဗီဇာသက်တမ်းကုန် ထိုင်းရောက် မြန်မာများအတွက် တိကျသောမူဝါဒ ထုတ်ပြန်ရန် နှစ်နိုင်ငံအစိုးရကို တောင်းဆို

ထိုင်းနိုင်ငံတွင် နေထိုင်ခွင့် ဗီဇာသက်တမ်း လေးနှစ် ကုန်ဆုံးနေသည့် မြန်မာလုပ်သားများမှာ အခက်အခဲများစွာနှင့် ကြုံတွေ့နေရသဖြင့် တိကျသည့်မူဝါဒများ ထုတ်ပြန်ပေးရန် ထိုင်းနှင့် မြန်မာနှစ်နိုင်ငံ အစိုးရကို ထိုင်းနိုင်ငံအခြေစိုက် အလုပ်သမားအရေး ဆောင်ရွက်သည့် အဖွဲ့အစည်းလေးခုက သြဂုတ်လ ၂၁ ရက်နေ့တွင် တောင်းဆိုလိုက်သည်။

ထိုင်းနိုင်ငံ၏ မူဝါဒအရ ဗီဇာသက်တမ်း ကုန်ဆုံးသူများသည် မိခင်နိုင်ငံသို့ သုံးနှစ်ပြန်ပြီးမှသာ ထိုင်းနိုင်ငံတွင် ပြန်လည် လုပ်ကိုင်ခွင့်ရှိသဖြင့် ဗီဇာသက်တမ်း ကုန်ဆုံးသည့် မြန်မာလုပ်သားများ အခက်အခဲ ကြုံတွေ့နေရကြောင်း၊ ဗီဇာသက်တမ်း တိုးပေးမည်ဟုဆိုကာ ပွဲစားများက ဘတ် ၁၅,၀၀၀ (အမေရိကန်ဒေါ်လာ ၅၀၀) တောင်းယူမှုများရှိနေပြီး အချို့လုပ်သားများမှာ တရားမဝင်အဖြစ် ဆက်လက် လုပ်ကိုင်နေကြကြောင်း ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ကွန်ရက်ထံမှ သိရှိရသည်။

“တစ်ရက်ကို မြန်မာအလုပ်သမား ရာဂဏန်းလောက် ဗီဇာသက်တမ်း ကုန်နေကြပြီ” ဟု ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်း လုပ်သားများအရေး ဆောင်ရွက်သူ ဦးစိန်ဌေးက ပြောကြားသည်။

တရားမဝင် မြန်မာလုပ်သားများကို အထောက်အထား ထုတ်ပေးရန် နှစ်နိုင်ငံအစိုးရ နားလည်မှု စာချွန်လွှာ (MoU) အရ ၂၀၀၉ ခုနှစ်မှစတင်ကာ လုပ်ဆောင်ခဲ့ပြီး ယင်းအချိန်က အထောက်အထား ရရှိသူများမှာ ဗီဇာသက်တမ်း ကုန်ဆုံးနေခြင်း ဖြစ်သည်။

မြန်မာများအနေနှင့် ဗီဇာသက်တမ်းကုန်လျှင် နေရပ်ပြန်ရမည်ကိုသာ သိရှိထားပြီး ပြန်ရမည့် နည်းလမ်းနှင့် ထိုင်းနိုင်ငံတွင် ပြန်လည် လာရောက် လုပ်ကိုင်ခွင့်ရရှိသည့် အချိန်ကာလတို့ကို နှစ်နိုင်ငံအစိုးရအနေနှင့် တိကျသည့် မူဝါဒများ ထုတ်ပြန်ရန် တောင်းဆိုခြင်း ဖြစ်ကြောင်း အဆိုပါ ကွန်ရက်လေးခု၏ တောင်းဆိုချက်တွင် ဖော်ပြသည်။

ထိုင်းရောက် မြန်မာများ၏ သက်တမ်းလွန်ဗီဇာကိစ္စနှင့် ပတ်သက်ကာ တိကျသည့် မူဝါဒများ ထုတ်ပြန်ပေးရန်၊ ရွှေ့ပြောင်းလုပ်သားများ လုံခြုံရေးနှင့် အခွင့်အရေးများရရှိရန်၊ ပွဲစားများကို ထိရောက်စွာ အရေးယူပေးရန်၊ ရွှေ့ပြောင်းလုပ်သားများနှင့် ပတ်သက်သည့် မူဝါဒများကို ထိုင်းနှင့် မြန်မာအစိုးရက ရှင်းရှင်းလင်းလင်း ထုတ်ပြန်ပေးရန် အချက်လေးချက်ကို အဆိုပါကွန်ရက်များက တောင်းဆိုခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံအခြေစိုက် အဖွဲ့များဖြစ်သည့် State Enterprise Workers’ Relations Confederation of Thailand (SERC)၊ Thai Labour Solidarity Committees (TLSC)၊ Migrant Worker Rights Network (MWRN)၊ Human Rights and Development Foundation (HRDF) တို့က အထက်ပါ အချက်လေးချက်ကို တောင်း ဆိုခဲ့ခြင်း ဖြစ်သည်။

ဗီဇာသက်တမ်း ကုန်ဆုံးသည့် မြန်မာများ ဆက်လက်အလုပ်လုပ်ကိုင်ခွင့် ရရှိစေရန် နှစ်နိုင်ငံအစိုးရ ညှိနှိုင်းရန် ကမ်းလှမ်းထားကြောင်း အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင် က ပြောကြားသည်။

လတ်တလောတွင် ထိုင်းနိုင်ငံ၌ ရောက်ရှိနေသည့် အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးနိုင်ထွန်းက ထိုင်းအစိုးရ တာဝန်ရှိသူများနှင့် ညှိနှိုင်းမှုများ ပြုလုပ်လျက် ရှိကြောင်း အလုပ်သမား၊ အလုပ် အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနထံမှ သိရှိရသည်။

ထိုင်းနိုင်ငံရောက် တရားမဝင် မြန်မာလုပ်သားများကို တရားဝင် အထောက်အထား ထုတ်ပေးခဲ့ရာတွင် သုံးနှစ်တာ ကာလအတွင်း လုပ်သား ၁ ဒသမ ၇ သန်းခန့် တရားဝင် အထောက်အထားရရှိပြီး ဖြစ်သည်။

The Voice Weekly

0 comments:

Post a Comment