
လျှပ်စစ်မီး ရရှိရန် နှစ် ၃၀၊ ၂၅ နှစ် စီမံကိန်းများ လျာထားလုပ်ကိုင်နေသည့်အတွက် နောက် နှစ် ၃၀၊ ၂၅ နှစ်သို့ ရောက်ရှိပါက လျှပ်စစ်ဓာတ်အားသည် လိုအပ်ချက်ထက် ပိုမိုလာမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးမော်သာထွေးက သြဂုတ် ၂၃ ရက်တွင်နေပြည်တော် စက်မှုဝန်ကြီး ဌာန အစည်းအဝေး ခန်းမတွင် ကျင်းပသောတွေ့ဆုံပွဲတွင် ပြောကြားသည်။
ယင်းတွေ့ဆုံပွဲတွင် သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ဖြည့်စွက်ရှင်းလင်းရာ၌ နှစ် ၃၀ အထိ စောင့်ရန်မလိုဘဲ မကြာမီ မြို့ကြီးများ လျှပ်စစ်မီး ရရှိမည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။ ဆွေးနွေးပွဲတွင် လျှပ်စစ်ရရှိမှုနှင့် ပတ်သက်၍ လူများအားလုံး လျှပ်စစ်မီး ရနိုင်သည့် ကာလနှင့် ပတ်သက်၍ သတင်းထောက်များ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာ၌ ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြန်လည်ဖြေကြားရာတွင် "ဘယ်တော့ကျမှ လူတွေအကုန်လုံး မီးရမလဲဆိုတဲ့ မေးခွန်းကတော့ အဲဒါကတော့ ကျွန်တော်ထင်ပါတယ် ဘယ်သူ့သွားမေးမေး ဘယ်လောက်ကြာရင် မီးရနိုင်မယ် ဆိုတာတော့ အခုလောလောဆယ်ဆယ် အခြေအနေမှာတော့ ကျွန်တော်တို့ ပြောနိုင်မယ်လို့ ကျွန်တော်မထင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ ပစ်မှတ်က နှစ် ၃၀၊ အစိတ်လို့ လျာထားပါတယ်။ အဲဒီတော့ နှစ်အစိတ်၊ ၃၀ ဆိုရင်တော့ လိုတာထက် ပိုသွားပါပြီ။ ကျွန်တော်တို့ ပစ်မှတ်တွေက အဲဒီလို သွားနေတယ်။ ဒါပေမဲ့ အခုလောလောဆယ် အမြန်ဖြေရှင်းနည်း၊ လတ်တလော ဖြေရှင်းနည်းနဲ့ ဖြေရှင်းနေတာ ကျွန်တော်တင်ပြလိုပါတယ်။ ရေ ရှည်ကတော့ နောက်ထပ် ၁၅ နှစ်၊ နှစ် ၂၀ ဆိုရင် ကိုယ့်တိုင်းပြည်ရဲ့ လိုအပ်ချက်ကို သေချာပေါက်ကျော် သွားမှာ ဖြစ်ပါတယ်။ ဒါကတော့ ကျွန်တော်တို့ နှစ် ၃၀ အစီအစဉ်ကို တစ်ခါတည်းရေးပြီး လွှတ်တော်မှာလည်း ဒါကိုဆွေးနွေးပြီးသား ဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။
သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းမှ ထပ်မံဖြည့်စွက် ရှင်းလင်းရာတွင် "ဖြည်းဖြည်း ဖြည်းဖြည်းတော့ ကျွန်တော်တို့ တိုးတက်အောင် လုပ်မယ်။ နှစ် ၃၀ စီမံကိန်းကိုတော့ မစဉ်းစားပါဘူး။ တတ်နိုင်သမျှ အမြန်ဆုံး လျှပ်စစ်မီးရအောင် ကျွန်တော်တို့ လုပ်မယ်။ အဲဒီတော့ နှစ် ၃၀ ကျွန်တော်တို့ မစောင့်ဘူး။ ဒီနေ့ရ ဒီနေ့တိုးလုပ်မယ်။ ကြိုးစားမယ် နှစ် ၃၀ တော့ မဟုတ်ဘူးဗျာ။ အများဆုံး တကယ့်မြို့ကြီးပြကြီးတွေ မီးရဖို့ကတော့ မကြာဘူး။ လျှပ်စစ်မီးရဖို့ကူညီဖို့ ကမ္ဘာ့ဘဏ်တို့၊ AGD ဘဏ်တို့၊ ဂျပန်တို့အားလုံး အများကြီး တန်းစီပြီး လာနေတာ။ ကျွန်တော်တို့စနစ်ကလေး လိုနေလို့။ စနစ်ပေါ့၊ Power Purchase Agreement စနစ်ကလေး ပြေလည်သွားပြီဆိုရင် လာရင်းနှီးမယ့်သူတွေ အများကြီး ရှိပါတယ်လို့ ပြောချင်တယ်။ နှစ် ၃၀ တော့ မစောင့်ဘူး။ နှစ် ၃၀ တော့ မနေဘူး" ဟု ပြောကြားသည်။
တိုးတက်ရရှိလာမည့် သဘာဝဓာတ်ငွေ့ ကဲ့သို့သော စွမ်းအင်များဖြင့်လည်း လျှပ်စစ်မီး အချိန်တိုအတွင်း ရရှိရန် လုပ်ဆောင်လျက်ရှိပြီး လျှပ်စစ်မီးရရှိမှ ပြည်သူများ၏ အဆင့်အတန်း တိုးတက်သွားမည်ဟု ပြောကြားသည်။
eleven media group
No comments:
Post a Comment