Thursday, August 22, 2013

အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေး အမျိုးသားကော်မတီ အလုပ်ရှင်၊ လုပ်သား ကိုယ်စားလှယ် ရွေးမည်


မြန်မာနိုင်ငံတွင် အနည်းဆုံးအခကြေးငွေ နှုန်းထားကို တရားဝင် သတ်မှတ်နိုင်ရန် အမျိုးသားကော်မတီတွင် ပါဝင်မည့် အလုပ်ရှင်နှင့် အလုပ်သမား ကိုယ်စားလှယ်များကို ရက်ပိုင်းအတွင်း ရွေးချယ်မည် ဖြစ်ကြောင်း အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦးက ပြောကြားသည်။

အဆိုပါကော်မတီတွင် ပါဝင်မည့် အလုပ်ရှင် ကိုယ်စားလှယ်များကို သြဂုတ်လ ၂၄ ရက်နေ့တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တွင် ရွေးချယ်မည် ဖြစ်ကြောင်း၊ အလုပ်သမား ကိုယ်စားလှယ် အချို့ကို ရွေးချယ်ထား ပြီးဖြစ်ပြီး ရွေးချယ် ရန် ကျန်ရှိနေသေးသည့် မွေးမြူရေး အလုပ်သမား ကိုယ်စားလှယ်ကို သြဂုတ်လ ၂၅ ရက်နေ့တွင် ရန်ကင်းမြို့နယ်ရှိ အလုပ်သမား ကျွမ်းကျင်မှု လေ့ကျင့်ရေး သင်တန်းကျောင်း တွင် ရွေးချယ် မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

အမျိုးသားကော်မတီတွင် ပါဝင်သည့် လူပုဂ္ဂိုလ်နှင့် ကိုယ်စားလှယ်များ စာရင်းကို သြဂုတ်လ အတွင်း ပြည်ထောင်စု အစိုးရအဖွဲ့ထံ တင်ပြကာ ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောကြားသည်။

အမျိုးသားကော်မတီတွင် အလုပ်ရှင်၊ အစိုးရနှင့် လုပ်ခသတ်မှတ်ရေးနှင့် ပတ်သက်၍ ကျွမ်းကျင်ပညာရှင်များ လူဦးရေ အဆတူညီစွာဖြင့် ဖွဲ့စည်းရမည်ဖြစ်ပြီး ယင်းကော်မတီတွင် ပါဝင်သည့် ကိုယ်စားလှယ်များနှင့် လူပုဂ္ဂိုလ်စာရင်းကို နိုင်ငံတော်သမ္မတထံ တင်ပြရမည်ဖြစ်ကာ ယင်း ကော်မတီကို နိုင်ငံတော်သမ္မတက အမိန့်ကြေညာစာ ထုတ်ပြန်ကာ ဖွဲ့စည်းပေးရမည် ဖြစ်ကြောင်း အနည်းဆုံး အခကြေးငွေ ဥပဒေတွင် ဖော်ပြသည်။

အမျိုးသားကော်မတီသည် လုပ်အားခ သတ်မှတ်ရေး ကော်မတီများဖြစ်သည့် ပြည်ထောင်စု နယ်မြေ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ကော်မတီဝင်များ စာရင်းကို အတည်ပြုကာ ဆက်လက်ဖွဲ့စည်း ရမည် ဖြစ်သည်။

အနည်းဆုံးလုပ်ခကို လုပ်သားနှင့် မိသားစုလိုအပ်ချက်၊ အဆင့်တန်းမီ နေထိုင်မှုဘဝ၊ စားဝတ်နေရေး ကုန်ကျစရိတ်နှင့် ယင်းကုန်ကျစရိတ် အပြောင်းအလဲများ အပါအဝင် အချက် ၁၀ ချက်ကို အခြေခံကာ သတ်မှတ်ရမည် ဖြစ်ကြောင်း အနည်းဆုံး အခကြေးငွေ ဥပဒေတွင် ဖော်ပြသည်။

အနည်းဆုံး အခကြေးငွေ ဥပဒေကို ၂၀၁၃ ခုနှစ် ဇွန်လ ၄ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပြီး နည်းဥပဒေများကို ဇူလိုင်လ ၁၂ ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။

The Voice Weekly

0 comments:

Post a Comment