Tuesday, September 3, 2013

ဝယ်လက်များ၍ ဆားကြမ်းဈေးတက်


ဆားအဓိက ထုတ်လုပ်သည့် ဧရာဝတီတိုင်းဒေသကြီးအတွင်း ဆားအဝယ်များလာခြင်းကြောင့် ဆားကြမ်းဈေး တက်နေကြောင်း ဆားလုပ်ငန်းရှင်များထံမှ သိရသည်။

ရန်ကုန်မှ ဆားချော အဝယ်လိုက်လာသည့်အပြင် ဒေသတွင်းဆားကြမ်း ရှားပါးကာ ကြိုတင်ဝယ်ယူ သိုလှောင်ထားသည့် ကုန်သည်များလက်တွင် အများစု ရောက်ရှိနေခြင်းကြောင့် ဆားကြမ်းဈေးမှာ ယခင်က တစ်ပိဿာလျှင် ၂၅ ကျပ်ဝန်းကျင် သာရှိရာမှ ယခုအခါ တစ်ပိဿာလျှင် ၃၃ ကျပ် အထိဈေးမြင့်နေကြောင်း ပုသိမ်မြို့မှ ဆားလုပ်ငန်းရှင် ဦးနိုင်လင်းက ပြောဆိုသည်။

“အချောဝယ်လိုအား ကောင်းနေတော့ ဈေးကပြန်လှုပ်လာတယ်။ အောက်တိုဘာလလောက်ဆို ပိုပြီးဈေးမြင့်နိုင်တယ်” ဟု ၎င်းကဆိုသည်။

ကွင်းမှထွက်ရှိသည့် တန်ချိန်ပေါ် မူတည်၍ မြောင်းမြ၊ ပုသိမ်မြို့တို့သို့လည်း ဆားကြမ်းတင်ပို့ရောင်း ချကြောင်း လပွတ္တာမြို့နယ် ကုန်းတန်းကရင်ချောင်းအုပ်စုမှ ဆားလုပ်ကွက်ဧက ၆၀ ခန့် ပိုင်ဆိုင်သူ ဦးဝင်းနိုင်က ပြောကြားသည်။

ပုသိမ်လက်ကားဈေးကွက်တွင် ဆားချော တစ်ပိဿာလျှင် ကျပ် ၆၀ ဝန်းကျင်ဖြစ်ပြီး ဈေးအတက်အကျ အနည်းငယ်သာ ရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

The Voice Weekly

No comments:

Post a Comment