Sunday, September 29, 2013

မန္တလေးနှင့် စစ်ကိုင်းတွင် မဟာသြဘာ အသေးစားငွေကြေးအဖွဲ့မှ ငွေထုတ်ချေး

မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်း မြို့နယ် နှစ်ခုတွင် မဟာသြဘာ အသေးစား ငွေရေးကြေးရေးအဖွဲ့ အစည်းမှ အခြေခံ လူတန်းစားများအတွက် ချေးငွေအမျိုးအစား သုံးမျိုးကို သက်သာသော အတိုးနှုန်းဖြင့် ငွေထုတ်ချေးပေးနေကြောင်း ထိုအဖွဲ့အစည်းမှ သိရသည်။

မဟာသြဘာ အသေးစား ငွေရေးကြေးရေးအဖွဲ့အစည်းမှ စိုက်ပျိုးရေးလုပ်ငန်းသုံး ချေးငွေ၊ ဈေးသည် ရင်းနှီးချေးငွေ၊ ပညာရေးချေးငွေတို့ကို မန္တလေးတိုင်းရှိ ကျောက်ဆည်မြို့နှင့် စစ်ကိုင်းတိုင်းရှိ ရွှေဘိုမြို့နယ်များတွင် ထုတ်ချေးပေးနေပြီး အတိုးနှုန်း ၁ ဒသမ ၂၅ ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးနေခြင်း ဖြစ်သည်။

ထိုအဖွဲ့အစည်းသည် ၂၀၁၃ ခုနှစ် ဘဏ္ဍာနှစ်မှ ၂၀၁၆ ခုနှစ် ဘဏ္ဍာနှစ်အတွင်း ပြည်နယ်နှင့်တိုင်း အနှံ့အပြားတွင် ရုံးခွဲပေါင်း ၉၀ ခန့်ဖွင့်လှစ်ကာ ငွေကျပ်သန်းပေါင်း ငါးထောင်အထိ ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်သည်ဟုဆိုသည်။ ထိုအဖွဲ့အစည်းသည် တောင်သူကြီးများ၊ ကုန်သည်များနှင့် ပညာရေးကဏ္ဍများအတွက် ချေးငွေ ထုတ်ချေးမည်ဖြစ်သည်။

အဆိုပါအဖွဲ့သည် မန္တလေးတိုင်းအတွင်း ကျောက်ဆည်မြို့တွင် စက်တင်ဘာလ ၂၈ ရက်က အဖွဲ့အစည်း မိတ်ဆက် ပွဲကို ကျောက်ဆည်မြို့ မြို့တော်ခန်းမတွင် ကျင်းပခဲ့သည်။ ထိုအခမ်းအနားသို့ ခရိုင်အုပ်ချုပ်ရေး မှူးဦးအုန်းသန်းနှင့် တာဝန်ရှိသူများ၊ တောင်သူဦးကြီးများ တက်ရောက်ခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment