Tuesday, October 8, 2013

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ လက်ရှိဖွဲ့စည်းပုံအရ တရားဥပဒေ စိုးမိုးရေးအတွက် ဆောင်ရွက်ရန် လူဦးရေ တစ်သိန်းလျှင် ရဲတပ်ဖွဲ့အင်အား ၁၁၆ ဦးသာရှိ

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ လက်ရှိဖွဲ့စည်းပုံအရ တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်ရန် လူဦးရေ တစ်သိန်းလျှင် ရဲတပ်ဖွဲ့အင်အား ၁၁၆ ဦးသာရှိကြောင်း အောက်တိုဘာ ၇ ရက်တွင် ပြုလုပ်သော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်၏ ပြောကြားချက်အရ သိရသည်။

ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ် (၅)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဝင်းမောင်၏ "မူဆယ်မြို့နယ်အတွက် လုံခြုံရေးအင်အား တိုးမြှင့်ချထား ပေးရန်နှင့်အတူ ရဲတပ်ဖွဲ့ဝင်တို့အား နိုင်ငံတကာ အဆင့်မီ ခေတ်မီလက်နက်များ တပ်ဆင်ပေးပြီး နယ်စပ်ဂိတ်တိုင်းကို ခေတ်မီအောင် ပြန်လည်တည်ဆောက်ပေး၍ ခေတ်မီထောက်လှမ်းမှု အထောက်အကူ ပစ္စည်းများ တပ်ဆင်ပေးနိုင်ရန် အစီအစဉ် ရှိ၊ မရှိ" မေးခွန်း မေးမြန်းမှုအား ဒုတိယ၀န်ကြီးက ပြန်လည်ဖြေကြားရာတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို ခေတ်မီရဲတပ်ဖွဲ့ ဖြစ်စေရေးအတွက် နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးများ၊ မြို့မရဲစခန်းများ၊ ရဲကင်းများ၊ သတင်းရဲတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ရထားရဲတပ်ဖွဲ့တို့ကို ပြင်ဆင်ဖွဲ့စည်းခြင်း၊ ရဲတပ်ရင်းများ တိုးချဲ့ဖွဲ့စည်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ရေကြောင်းရဲတပ်ဖွဲ့၊ လေကြောင်းရဲတပ်ဖွဲ့၊ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့၊ ငွေကြေးဆိုင်ရာ စုံစမ်းဖော်ဆောင်ရေး ရဲတပ်ဖွဲ့၊ လူကုန်ကူးမှု တားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့၊ ကမ္ဘာလှည့် ခရီးသွား လုံခြုံရေး ရဲတပ်ဖွဲ့၊ ရေနံမြေ လုံခြုံရေး ရဲတပ်ဖွဲ့နှင့် သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့များကိုလည်း အသစ်ဖွဲ့စည်း ဆောင်ရွက်ခဲ့ကြောင်း ဒုတိယ၀န်ကြီးက ပြောကြားသည်။

"မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ အင်အားဖြည့်တင်းမှု အနေနဲ့ လက်ရှိဖွဲ့စည်းပုံမှာ လူဦးရေ တစ်သိန်းလျှင် ရဲတပ်ဖွဲ့အင်အား အနေဖြင့် ၁၁၆ ဦးဖြစ်ရာ ရဲနဲ့နိုင်ငံလူဦးရေ အချိုးကတော့ တစ်အချိုး ၈၆၁ ဖြစ်သလို နိုင်ငံတကာ စံချိန်စံညွှန်းအတိုင်း မြန်မာနိုင်ငံသား လူဦးရေ တစ်သိန်းမှာ ရဲ ၂၅၀ နှုန်းဖြင့် ရဲနဲ့နိုင်ငံသား ဦးရေအချိုး တစ်အချိုး လေးရာထိဖြစ်အောင် အင်အားဖြည့်တင်း ဆောင်ရွက်လျက် ရှိပါတယ်" ဟု ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ပြောကြားသည်။

မူဆယ်မြို့နယ် ရဲတပ်ဖွဲ့အား ဖွဲ့စည်းပုံ ခွင့်ပြုချက်အရ တပ်ဖွဲ့ဝင်အင်အား စုစုပေါင်း ၂၃၁ ဦး ဖြစ်သော်လည်း နယ်မြေအေးချမ်း သာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးအရ တပ်ဖွဲ့ဝင် စုစုပေါင်း အင်အား ၂၄၀ ဖြင့် တာဝန်ထမ်းဆောင်လျက်ရှိကြောင်း ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က ဆက်လက်ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment