Written by ဒေါက်တာခင်ကြီးမောင်
အောက်တိုဘာ ၃ ရက်တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော်မှ ဆက်သွယ်ရေး ဥပဒေကြမ်းအား အတည်ပြု၍ သမ္မတကြီးထံသို့ ပြန်ပို့ပေးပြီး၍ ရက်ပိုင်းအတွင်း သမ္မတကြီးလက်မှတ် ထိုးပြီးပါက ဥပဒေ ပေါ်ပေါက်လာတော့ ပေမည်။ တင်ဒါအောင်ထားသော နော်ဝေအခြေစိုက် Telenor ကုမ္ပဏီနှင့် ကာတာအခြေစိုက် Ooredoo ကုမ္ပဏီများ ဖြစ်ကြသော ပြည်ပဆက်သွယ်ရေး ကုမ္ပဏီနှစ်ခုလည်း လုပ်ငန်းများ စတင်နိုင်တော့မည်ဖြစ်၍ မလုံလောက် မစို့မပို့ ဆင်ပါးစပ်နှမ်းပက် ၁၅၀၀ ကျပ်တန်ဖုန်းကို စိတ်ကုန်နေကြတဲ့ ပြည်သူတွေ ပျော်နေကြပါပြီ။
နိုင်ငံတကာမှာ လက်ကိုင်ဖုန်း (Cell Phone) ၀ယ်ရင် ဆင်းမ်ကတ်တစ်ပါတည်းပါပြီး ကတ်ဖိုးသက်သက် ပေးစရာ မလိုသည်ကို ပြည်ပရောက်ဖူးသူတိုင်း သိရှိကြပြီးပါ။ ကတ်ဖိုးပေးစရာ မလိုခြင်းမှာ ဖုန်းပြောတဲ့ မိနစ်တိုင်း ၀င်ငွေရနေသောကြောင့် ကတ်ဖိုးပေးရန် မလိုပါ။ မြန်မာပြည် တစ်ခုတည်းမှာပဲ ကတ်ဖိုးပေးဝယ်ရခြင်း၊ ဈေးကြီးခြင်းများနှင့် တွေ့ကြုံကြရတဲ့ နိုင်ငံခြား ဧည့်သည်များ အံ့အားသင့်စေခဲ့ပါသည်။ ကတ်ဖိုးပေးရတဲ့ အစဉ်အလာ အကျင့်ဆိုးကို ယခုဝင်လာမည့် ပြည်ပကုမ္ပဏီနှစ်ခုသို့ အမွေဆိုး မပေးခဲ့ဖို့ သက်ဆိုင်ရာ ၀န်ကြီးဌာနနှင့် ဆက်သွယ်ရေး ဦးစီးတို့အား ပြည်သူများမှ အထူးသဖြင့် ကျေးလက်နေ ပြည်သူများမှ ကြိုတင်မေတ္တာ ရပ်ခံလိုပါသည်။
နိုင်ငံတော်တွင် လက်ရှိနှစ်ကောင်တည်းပြေးတဲ့ မြင်းပွဲမှာတော့ တစ်ကောင်က လျှော့ပေးလိုက်၊ နောက်တစ်ကောင်က တက်လိုက် အပေးအယူလုပ်ပြီး ဈေးကွက်ကို အပိုင်စီးထားရာက မကြာမီ ပြည်တွင်းကုမ္ပဏီ နှစ်ခုနှင့် ပြည်ပကုမ္ပဏီနှစ်ခု ၀င်လာတော့မည်ဖြစ်၍ လေးကောင်ပြေးမယ့် မြင်းပွဲဖြစ် လာပြီး ဈေးကွက်ပြိုင်ဆိုင်မှုတွေကို တွေ့မြင်ကြရတော့မှာ ဖြစ်ပါသည်။
ပြည်ပ ကုမ္ပဏီများ မ၀င်သေးချိန်တွင် ပြည်တွင်းကုမ္ပဏီတွေ နှစ်ပေါင်းများစွာ ကျပ် ၁၅ သိန်းတန်ကနေ ယခု ကျပ် ၁၅၀၀ တန်ဖုန်း ဖြန့်တာကလည်း ခြောက်ကြိမ်ရှိသွားပေမယ့် သုံးစွဲသူတွေ မကျေနပ်သည်ကများပြီး အတိုင်အတောတွေနဲ့ ရင်ဆိုင်နေရဆဲပါ။ ကျပ် ၁၅၀၀ ဈေးချပေးတာလျှင်ပင် ပြည်တွင်းကုမ္ပဏီ တစ်ခုမှ ကျပ် ၇၀၀ နှင့် ရောင်းချဖြန့်ဖြူးပေးမည့်အသံ ထွက်လာလို့သာ ကျပ် ၁၅၀၀ နှင့် ဈေးဖြစ်သွားကြောင်း ပြည်သူအချို့က ပြောဆိုကြပါသည်။
လာမည့်နှစ်များတွင် မျှော်မှန်းထားသော တိုးတက်လာမည့် GDP ကိုလည်း အထောက်အကူ ပြုစေရန်၊ ပြည်တွင်းပြည်ပ ဆက်သွယ်ရေး ကုမ္ပဏီများမှ အားသွန်ခွန်စိုက် အချိန်တိုအတွင်း ဆင်းရဲသား ပြည်သူများအထိ သုံးစွဲနိုင်ရန် ထုတ်လုပ်ဖြန့်ဖြူး နိုင်ကြပါစေရန် . . . . .
ဝင်ရောက်လာမည့် Telenor နှင့် Ooredoo ကုမ္ပဏီ နှစ်ခုကတော့ ငွေအရင်းအနှီးမှာလည်း တောင့်တင်းခိုင်မာ၊ Technology လည်း ပြောစရာမလို၊ အတွေ့အကြုံနှင့် စီမံခန့်ခွဲ မှုတွေမှာလည်း အခြားနိုင်ငံများမှာပါ ဆောင်ရွက်နေ၍ အဘက်ဘက်က ပြည်တွင်းကုမ္ပဏီ နှစ်ခုထက်တော့ အစစမှာ သာနေပါသည်။ ဒါကြောင့် ပြည်တွင်းကုမ္ပဏီ နှစ်ခုကလည်း တစ်ကောင်တည်း ပြေးရတဲ့ ဈေးကွက်မဟုတ်တော့ဘဲ ဈေးကွက်ဝေစု များများရအောင် Market Share တရားမျှတသော ယှဉ်ပြိုင်ခြင်းမျိုးနှင့် ပြိုင်ဆိုင်ကြရတော့မှာ ဖြစ်ပါသည်။ ပြည်တွင်းကုမ္ပဏီ ဆိုရာတွင်လည်း နိုင်ငံတော်က ရရှိတဲ့ ထောက်ပံ့ငွေ၊ ချေးငွေတွေနှင့် ဆက်သွယ်ရေး အခြေခံများကို တည်ထောင်ထားခြင်း ဖြစ်ပါသည်။ ပြည်ပကုမ္ပဏီ နှစ်ခုနှင့် ပြိုင်ဖို့က ဒါလောက်နှင့် မလုံလောက်နိုင်သေးပါ။ MPT နှင့် ထိုင်ဝမ်အခြေစိုက် ဆက်သွယ်ရေး ကုမ္ပဏီတွေနှင့်လည်း ပေါင်းစပ်လုပ်မယ်လို့ ကြားသိရပါတယ်။ ပြင်သစ်အခြေစိုက် Orange ကုမ္ပဏီကလည်း စောင့်မျှော်နေလျက်ပါ။
ပြည်သူတွေ အနေနဲ့ လက်ရှိ ဈေးကွက်စီးပွားရေးဆန်တဲ့ မော်တော်ကား ဈေးကွက်လို မိုဘိုင်းဖုန်းဈေးကွက်ကို ဖြစ်လာစေပါသည်။ ကားဆိုရင် Show Room တွေက ကြိုက်တဲ့ကား၊ ကြိုက်တဲ့ Model ကို ကြိုက်တဲ့အချိန်၊ ကြိုက်သလောက် အစီးရေ ၀ယ်ယူရရှိနေပြီး ဘဏ်တွေနဲ့ ချိတ်ဆက်ပြီး အကြွေးစနစ်ဖြင့်ပင် ၀ယ်ယူနိုင်ပါသည်။ မိုဘိုင်းဖုန်း ဈေးကွက်လည်း ဈေးကွက်စီးပွားရေးဆန်ဆန် သုံးစွဲသူ၏ ဈေးကွက် Buyer Market ဖြစ်စေရန် တရားမျှမျှတတ မှန်မှန်ကန်ကန် နိုင်ငံတကာ၏ စံနှုန်းများနှင့် ဆက်သွယ်ရေး ကုမ္ပဏီ လေးခုစလုံး ယှဉ်ပြိုင်နိုင်စေရန် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာနမှ စီစဉ်ပေးရ ပါတော့မည် ဖြစ်ပါသည်။ ရာခိုင်နှုန်း ၇၀ သော ကျေးလက်ပြည်သူများပါ ဈေးနှုန်းသက်သက်သာသာနှင့် အချိန်မရွေး ကြိုက်သလောက် ၀ယ်ယူသုံးစွဲနိုင်ပါက တောင်သူလယ်သမားများ အနေနဲ့ သတင်းအချက်အလက်များ ရရှိပြီး လူမှုဘ၀ တိုးတက်မြင့်မား လာနိုင်တော့မှာ ဖြစ်ပါသည်။
ပြည်တွင်းကုမ္ပဏီ နှစ်ခုနှင့် ပြည်ပကုမ္ပဏီ နှစ်ခုတို့မှ ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း မိုဘိုင်းဖုန်းရေ ၃၉ ဒသမ ၅ သန်း ရောင်းတပ်ဆင်ရမည် ဖြစ်ကြောင်း၊ တယ်လီဖုန်း သိပ်သည်းဆကို ၂၀၁၅-၂၀၁၆ မှ ၇၅ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၈၀ အထိ ရည်မှန်းထားကြောင်း စက်တင်ဘာလ အတွင်းက ကျင်းပခဲ့သော Myanmar Connet 2013 မှာ ဒုတိယ၀န်ကြီး ဦးသောင်းတင်က ပြောကြားခဲ့ကြောင်း သိရသည်။ ဖြစ်နိုင်ပါသည်။ ဇူလိုင် ၅ ရက်က Park Royal ဟိုတယ်မှာ ပြုလုပ်သွားသော စာနယ်ဇင်း ရှင်းလင်းပွဲတွင် Ooredoo ကုမ္ပဏီက အာရှဒေသဆိုင်ရာ ဒါရိုက်တာဖြစ်သူ Mr.Nicholas Swierzy က ပြောကြားရာတွင် အင်ဒိုနီးရှားနှင့် မြန်မာပြည်ကို နှိုင်းယှဉ်ပြောသွားပြီး အကောင်းဆုံး ၀န်ဆောင်မှုနှင့် အကောင်းဆုံး ကွန်ရက်ကို ပေးသွားမည်ဖြစ်ကြောင်း၊ ၎င်းကုမ္ပဏီမှ Representative ဖြစ်သူ Mr. Ross Cormack ကလည်း မြန်မာနိုင်ငံ အနေနဲ့ အင်တာနက် ပျံ့နှံ့မှုနှုန်းမှာ ၁၀ ရာခိုင်နှုန်း တိုးတက်လာသည်နှင့်အမျှ နိုင်ငံတော်၏ GDP သည်လည်း ၁ ဒသမ ၆ ရာခိုင်နှုန်းမှ ၁ ဒသမ ၈ ရာခိုင်နှုန်းအထိ တိုးတက်လာမည်ဖြစ်ပြီး မိုဘိုင်းဖုန်း ပျံ့နှံ့မှုနှုန်း ၁၀ ရာခိုင်နှုန်း တိုးတက်လာသည်နှင့် နိုင်ငံတော်၏ GDP မှာ ၁ ဒသမ ၂ ရာခိုင်နှုန်းမှ ၁ ဒသမ ၄ ရာခိုင်နှုန်းအထိ တိုးတက်လာမည် ဖြစ်သဖြင့် နိုင်ငံတော်၏ စီးပွားရေး တိုးတက်မှုကို အထောက်အကူပြုစေပြီး နိုင်ငံသားများ အတွက်လည်း အလုပ်အကိုင် အခွင့်အရေးတွေ ရရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားသွားပါသည်။
သို့ပါ၍ အင်တာနက်နှင့် မိုဘိုင်းဖုန်းတို့၏ ပျံ့နှံ့သိပ်သည်းမှု ရာခိုင်နှုန်းနှင့် နိုင်ငံတော်၏ GDP မှာ ဆက်စပ်နေခြင်းကြောင့် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ IMF နှင့် ကမ္ဘာ့ဘဏ် World Bank တို့မှ မြန်မာပြည်၏ လာမည့်နှစ်များတွင် မျှော်မှန်းထားသော တိုးတက်လာမည့် GDP ကိုလည်း အထောက်အကူ ပြုစေရန်၊ ပြည်တွင်းပြည်ပ ဆက်သွယ်ရေး ကုမ္ပဏီများမှ အားသွန်ခွန်စိုက် အချိန်တိုအတွင်း ဆင်းရဲသား ပြည်သူများအထိ သုံးစွဲနိုင်ရန် ထုတ်လုပ်ဖြန့်ဖြူး နိုင်ကြပါစေရန် ဆန္ဒပြုရ ပါသည်။ ခွဲတမ်းနှင့် ဖြန့်ဖြူးခြင်းမျိုးကို ရပ်ပြီး မှောင်ခိုဈေးကွက်ပျောက်၍ ဈေးကွက်စီးပွားရေး ပီပြင်ပါစေသော်။
Eleven Media Group
No comments:
Post a Comment