Tuesday, October 8, 2013

မန္တလေးတွင် ဆရာကြီးဂိုအင်ကာ အရိုးပြာမျှောရန် လိုက်ပါပို့ဆောင်မည့်သူများအတွက် ကားအစီး ၁၀၀ စီစဉ်ထား

မန္တလေးတွင် ဆရာကြီးဂိုအင်ဂါ၏အရိုးပြာအား အောက်တိုဘာလ ၁၀ရက်တွင် ဧရာဝတီမြစ် အတွင်းမျှောမည်ဖြစ် ရာ လိုက်လံပို့ဆောင်မည့် သံဃာနှင့်လူထုအတွက် ကားအစီး ၁၀၀ စီစဉ်ထားသည်ဟု ဓမ္မမဏ္ဍလရိပ်သာ ဥက္ကဋ္ဌ ဒေါက်တာမြမောင်က မဇ္ဈိမကို ပြောသည်။ 

“၁၀ ရက်နေ့ မွန်းလွဲ ၃ နာရီမှာ ရိပ်သာကနေ ချော်ဆိပ်ကို စထွက်မယ်။ ကားအစီး တစ်ရာ စီစဉ်ထား တယ်။ ပို့ဆောင်တဲ့နေရာမှာ သံဃာအပါး ၂၀၀ သီလရှင်အပါး ၃၀၀ နဲ့ လူပုဂ်္ဂိုလ်ပေါင်း ထောင်ချီပြီး ပို့ဆောင်ကြမှာပါ” ဟု ဒေါက်တာမြမောင်က ပြောသည်။ 

ကမ္ဘာကျော် ၀ိပဿနာဆရာကြီး ဒေါက်တာဂိုအင်ကာ၏ အရိုးပြာကို ဆရာကြီး၏ ဇာတိမြေ မန္တလေးရှိ ဧရာဝတီမြစ် အတွင်းသို့ မျှောရန် ရန်ကုန်မှ မန္တလေးသို့ အောက်တိုဘာလ ၉ ရက်တွင် အရိုးပြာအိုးကို လေယာဉ်ဖြင့် သယ်ဆောင်လာမည် ဖြစ်သည်။ 

ထို့နောက် အောက်တိုဘာလ ၁၀ ရက် မွန်းလွဲ ၃ နာရီတွင် သင်္ဘောလေးစင်းပေါ်မှ ဆီးမီးတစ်ထောင်ဖြင့် ဧရာဝတီမြစ်အတွင်း မျှောမည်ဖြစ်သည်။ 

ဆရာကြီးဂိုအင်ကာ၏ အရိုးပြာအား အိနိ္ဒယနိုင်ငံ မွန်ဘိုင်းမှ ရန်ကုန်မြို့ ခြောက်ထပ်ကြီးဘုရားလမ်းရှိ ဆရာကြီး ၏ ဓမ္မဇောတိဝိပဿာနာရိပ်သာသို့ အောက်တိုဘာလ ၇ ရက် နံနက် ၁၀ နာရီတွင် သယ်ဆောင်လာခဲ့သည်။ ထိုအရိုးပြာအား သုံးနေရာခွဲကာ မြစ်အတွင်းသို့ မျှောမည်ဖြစ်ရာ အောက်တိုဘာလ ၈ ရက်တွင် ကချင်ပြည်နယ်မြစ်ဆုံအနီး၊ အောက်တိုဘာ ၁၀ ရက် မွန်းလွဲပိုင်းတွင် မန္တလေး ဧရာဝတီမြစ်နှင့် နံနက်ပိုင်းတွင် မြနန္ဒာ သဘောင်္ဖြင့် ရန်ကုန်မြစ်ဝတွင် အရိုးပြာအိုးကို မျှောမည်ဖြစ်သည်။ 

ဆရာကြီးဂိုအင်ကာသည် အသက် ၉၀ အရွယ်တွင် အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့တွင် စက်တင်ဘာလ ၂၉ ရက်က ကွယ်လွန်ခဲ့ပြီး အောက်တိုဘာ ၁ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် Oshiwava တံတားအနီး Relief လမ်း အနောက်ပိုင်း Jogsshwari မွန်ဘိုင်းမြို့တွင် မီးသဂြုင်္ိလ်ခဲ့ကြောင်း ဓမ္မမဏ္ဍလရိပ်သာဒုဥက္ကဋ္ဌ ဦးမျိုးသန့်က မဇ္ဈိမကို ပြောသည်။ 

ဝိပဿနာတရားပြဆရာကြီး ဦးဂိုအင်ကာသည် ၁၉၆၉ ခုနှစ်တွင် ၀ိပဿနာတရားတော်များ စတင်ပို့ချခဲ့၍ ၁၉၇၆ ခုနှစ်တွင် အိနိ္ဒယနိုင်ငံ၊ မဟာရက်ရှထရာပြည်နယ် နာရှစ်ခရိုင်၊ အီဂတ်ပူရီမြို့တွင် ကမ္မဋ္ဌာန်းရိပ်သာ တစ်ခုကို စတင် ထူထောင်နိုင်ခဲ့ပြီး ၀ိပဿနာနည်းပြဆရာပေါင်း ၈၀၀ ခန့်ကို မွေးထုတ်ပေးခဲ့သည်။

မြန်မာနိုင်ငံအနှံ့အပြားတွင် ၀ိပဿနာတရားပြဆရာကြီး ဦးဂိုအင်ကာ ဖွင့်လှစ်ထားရှိသည့် တရားရိပ်သာ ပေါင်း ၂၀ ရှိသည်။ 

Mizzima - News in Burmese

No comments:

Post a Comment