Monday, October 7, 2013

ဟိုတယ်များ ပြန်ဖွင့်မည့်အချိန်တွင် ငပလီဟိုတယ်ဇုန်၌ ပုဒ်မ ၁၄၄ ရုပ်သိမ်းပေးမည်

ဟိုတယ်လုပ်ငန်းများ အဆင်ပြေစေရန်အတွက် ဟိုတယ်များ ပြန်လည်ဖွင့်လှစ်မည့်အချိန်တွင် ငပလီ ဟိုတယ်ဇုန်ကို ညမထွက်ရအမိန့် ရုပ်သိမ်းပေးမည်ဟု သံတွဲမြို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်နိုင်ဦးက အောက်တိုဘာ ၇ ရက်တွင် မဇ္ဈိမကို ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် သံတွဲမြို့နယ်၌ ညခြောက်နာရီမှ မနက်ခြောက်နာရီထိ ညမထွက်ရ သတ်မှတ်ထားရာ ငပလီ ဟိုတယ်ဇုံဒေသပါဝင်သော်လည်း ဟိုတယ်များ ပြန်လည်ဖွင့်လှစ်မည့် အချိန်တွင်မူ အဆိုပါပုဒ်မကို ပြန်လည် ရုပ်သိမ်းပေးသွားမည် ဖြစ်သည်။

ဦးအောင်နိုင်ဦးက “ဟိုတယ်ဇုန်ဖြစ်တဲ့ ဂေါ့ရွာကနေ ဂျိတ္တောရွာထိ ဟိုတယ်တွေ ပြန်ဖွင့်တဲ့အချိန်မှာ ည မထွက်ရ အမိန့်ကို ပြန်ရုပ်ပေးဖို့ ဆုံးဖြတ်ပြီးပြီ”ဟု မဇ္ဈိမကို ပြောသည်။

ငပလီကမ်းခြေသည် သံတွဲနှင့် သုံးမိုင်ခန့်ဝေးပြီး ဂေါ့၊ ငပလီ၊ လင်းသာ၊ မြပြင်၊ ဂျိတ္တော စသော ကျေးရွာများတစ်လျှောက်တွင် ဟိုတယ်များ ဆောက်လုပ်ထားခြင်း ဖြစ်သည်။

ယင်းသို့ ညမထွက်ရအမိန့် ရုပ်သိမ်းပေးခြင်းနှင့်ပတ်သက်၍ သံတွဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးလွင် ကလည်း “ဟိုတယ်လုပ်ငန်းရှင်တွေက ပုဒ်မ ၁၄၄ ကြောင့် ခရီးသွားလုပ်ငန်းတွေ နစ်နာတာနဲ့ ပတ်သက်ပြီး တင်ပြကြလို့ ဒီလိုဆုံးဖြတ်တာပါ”ဟု မဇ္ဈိမကို ပြောသည်။

လက်ရှိတွင် သံတွဲမြို့၌ ဖြစ်ပွားသော ပဋိပက္ခများကြောင့် ငပလီရှိ ဟိုတယ်များတွင် ကြိုတင်အခန်းမှာ ထားသူတချို့ ဘိုကင်ဖျက်လိုက်သည်များလည်း ရှိသည်ဟု ဧဒင် ခရီးသွားလုပ်ငန်းအုပ်စုမှ မန်နေဂျာ ဦးအောင်နိုင်က မဇ္ဈိမကို ပြောသည်။

၎င်းက “ကျွန်တော်တို့ ဟိုတယ်က လကုန်လောက်မှ ဖွင့်မှာပါ။ မနှစ်ကလည်း ညမထွက်ရအမိန့်ကြောင့် ခရီးသွားလုပ်ငန်းတွေ နစ်နာခဲ့တယ်။ အခု ဟိုတယ်ရာသီပြန်အစမှာ ပုဒ်မ ၁၄၄ ထပ်ရှိနေရင် ဘယ်လိုမှ အဆင်မပြေဘူးဗျ” ဟု ပြောသည်။

ငပလီတွင် ဟိုတယ်လုပ်ငန်းများကို ဇွန်လမှစတင်၍ နှစ်စဉ် ရပ်နားထားရပြီး အောက်တိုဘာလကုန်တွင် ပြန်လည် ဖွင့်လှစ်မည် ဖြစ်သည်။

“ငပလီမှာက မိုးတွင်းကာလကို နှစ်စဉ် ရပ်နားထားရတာ ပွင့်လင်းရာသီခဏပဲ အလုပ်လုပ်ရတာ ဖြစ်ပါတယ်” ဟုလည်း ဦးအောင်နိုင်က ဆိုသည်။

ငပလီဟိုတယ်ဇုန်အတွင်းရှိ ဟိုတယ်လုပ်ငန်းအများစုကို အောက်တိုဘာလဆန်းတွင် စတင်ဖွင့်လှစ်ပြီး လကုန်ပိုင်းတွင် ထပ်မံဖွင့်လှစ်မည့် ဟိုတယ်အချို့လည်း ကျန်ရှိသေးသည်။

ဟိုတယ်လုပ်ငန်းရှင်များအနေဖြင့် ငပလီကမ်းခြေတွင် ပုဒ်မ ၁၄၄ ကို ရုပ်သိမ်းပေးရန် သမ္မတနှင့်တွေ့ဆုံစဉ်ကလည်း တင်ပြခဲ့ကြောင်း ဟိုတယ်လုပ်ငန်းရှင်များက ပြောသည်။

၎င်းအပြင် သံတွဲမြို့တွင်းကိုလည်း ဒေသတွင်း အခြေအနေများ တည်ငြိမ်လာပါက မနက်ခြောက်နာရီမှ ညခြောက်နာရီ အတွင်းသာ သွားလာခွင့်ပြုရာမှ မနက်ခြောက်နာရီမှ ညကိုးနာရီအတွင်း သွားလာခွင့်ပြုရန် စီစဉ်လျက်ရှိသည်ဟု လည်း ဦးကျော်စိုးလွင်က ပြောသည်။

သံတွဲတွင် ဇွန်လတွင်းက တစ်ကြိမ် မီးရှို့မှုဖြစ်ပေါ်ခဲ့ပြီး ပုဒ်မ ၁၄၄ ထုတ်ထားရာ ယခု အောက်တိုဘာလတွင် ဖြစ်ပွားသော ပဋိပက္ခကြောင့် ညမထွက်ရအချိန်ကို တိုးမြှင့်လိုက်ခြင်း ဖြစ်သည်။

ငပလီကမ်းခြေမှာ အရှည် ၇ မိုင်ခန့်ရှိပြီး ကမ်းခြေတစ်လျှောက်ရှိ ကျေးရွာများတွင် ဟိုတယ် ၁၆ လုံး ရှိသည်။

Mizzima - News in Burmese

0 comments:

Post a Comment