Monday, June 30, 2014

ဘရာဇီးအသင်း ပင်နယ်တီ အဆုံးအဖြတ် ခံယူသည်ကို စောင့်ကြည့်ရင်း ပရိသတ်တစ်ဦး နှလုံးထိခိုက်သေဆုံး


ချီလီနှင့်ပွဲစဉ်တွင် ဘရာဇီးကစားသမား နေမာမှ ပင်နယ်တီဂိုး သွင်းယူနေစဉ်

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင် လက်ရွေးစင်အသင်း၏ ပင်နယ်တီ အဆုံးအဖြတ် ခံယူမှုကို စောင့်ကြည့်ရင်း ဘရာဇီး ပရိသတ်တစ်ဦး နှလုံးဖောက်ပြန် သေဆုံးသွားကြောင်း သိရှိရသည်။

ဇွန်လ(၂၈)ရက်နေ့ ညပိုင်းက ကမ္ဘာ့ဖလားအိမ်ရှင် ဘရာဇီး အသင်းသည် ချီလီနှင့် (၁၆)သင်း ရှုံးထွက်အဆင့် ယှဉ်ပြိုင်ကစားရာ အချိန်ပို ပြီးဆုံးသည်အထိ တစ်ဂိုးစီ သရေသာ ဖြစ်နေခဲ့သည်။ ထို့ကြောင့်လည်း တောင်အမေရိက နှစ်သင်းအနေဖြင့် နောက်တစ်ဆင့် တက်ရေးအတွက် ပင်နယ်တီ အဆုံးအဖြတ်ကို ခံယူခဲ့ရသည်။ဘီလိုဟိုရီဇွန်တေးရှိ ပရိသတ် (၆၂၀၀၀) ဝင်ဆံ့သော မီနိုင်ရာအို ကွင်းကြီးမှ ဘားခန်းတစ်ခုတွင် အဆိုပါပွဲကို TVမှတစ်ဆင့် တိုက်ရိုက်ကြည့်ရှုနေသည့် အသက်(၆၉)နှစ်အရွယ် ပရိသတ်မှာ စိတ်လှုပ်ရှားမှု လွန်ကဲလာပြီး နှလုံးထိခိုက်ကာ သေဆုံးခဲ့ခြင်း ဖြစ်သည်။ ၎င်းကို ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ခဲ့သော်လည်း မကြာမီတွင်ပင် အသက်ဆုံးရှုံးသွားခဲ့သည်။

Estado de Minas သတင်းစာက ချီလီနှင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူနေချိန်တွင် စိတ်လှုပ်ရှားလွန်းသဖြင့် ကျန်းမာရေး စောင့်ရှောက်မှု ခံယူရသူ ဘရာဇီးပရိသတ် (၉၈)ဦးထိ ရှိခဲ့ပြီး ယခုပုဂ္ဂိုလ်ကမူ ကံဆိုးစွာဖြင့် အသက်ပါ ဆုံးပါးခဲ့ခြင်းဟု ဖော်ပြခဲ့သည်။

ဘရာဇီး အသင်းသည် အဆိုပါ ပင်နယ်တီ အဆုံးအဖြတ်တွင် ချီလီကို အနိုင်ရရှိပြီး ကွာတားဖိုင်နယ် အဆင့်သို့ တက်ရောက်ကာ နောက်ထပ် တောင်အမေရိက ပြိုင်ဘက်တစ်သင်းဖြစ်သည့် ကိုလံဘီယာနှင့် ရင်ဆိုင်ရတော့မည် ဖြစ်သည်။

7Day Daily

No comments:

Post a Comment