Friday, August 22, 2014

အမေရိကန် သတင်းထောက်ကို မသတ်ဖြတ်မီ IS တို့ထံမှ ပြန်ပေးငွေ တောင်းခံမှုရှိခဲ့


အစ္စလာမ်မစ် နိုင်ငံတော် စစ်သွေးကြွအဖွဲ့ (IS) ၏ ခေါင်းဖြတ်သတ်ခြင်း ခံရသည့် အမေရိကန် သတင်းထောက်အတွက် အစောပိုင်းက ပြန်ပေးငွေ ဒေါ်လာ (၁၃၂)သန်း တောင်းခံမှုတစ်ခု ရောက်ရှိလာခဲ့ဖူးကြောင်း Global Post သတင်းစာ၏ အမှုဆောင်ချုပ် ဖြစ်သူက ထုတ်ဖော် ပြောကြားခဲ့သည်။ဂျိမ်းစ်ဖိုလေသည် အရှေ့အလယ်ပိုင်း ဒေသတလွှားတွင် လှည့်လည် သတင်းယူပြီး Global Post နှင့် AFP တို့ကဲ့သို့ သတင်းဌာနများအတွက် အလုပ်လုပ်ပေးနေသူ ဖြစ်သည်။ ၎င်းသည် (၂၀၁၂)ခုနှစ် အတွင်းက ပျောက်ဆုံးသွားခဲ့ပြီး သတင်းအစအန ပျောက်ကွယ်နေခဲ့သည်။ ယခုသီတင်းပတ် အစောပိုင်းတွင်မူ ၎င်းကို IS စစ်သွေးကြွတစ်ဦးက ခေါင်းဖြတ်သတ်သည့် ဗီဒီယိုတစ်ခု အွန်လိုင်းပေါ် ပျံ့နှံ့လာခဲ့သည်။

Global Post သတင်းစာ၏ အမှုဆောင်ချုပ် ဖိလစ် ဘယ်လ်ဘိုနီက “မနှစ်လောက်တုန်းက ပြန်ပေးငွေ တောင်းဆိုမှု ရှိခဲ့တယ်။ ဒါဟာ ဖိုလေပြန်လွတ်လာဖို့ မျှော်လင့်ချက် ရှိလာပြီလို့ ကျွန်တော်တို့ ယူဆခဲ့ဖူးတယ်”ဟု ဆိုသည်။ သို့သော်လည်း IS တို့ထံမှ နောက်ထပ်ပေးပို့လာသည့် အီးမေးလ်တွင် ဖိုလေအတွက် ဒေါ်လာ(၁၃၂)သန်း ပေးချေရန်အပြင် အမေရိကန်တို့ ဖမ်းဆီးထားသည့် အစ္စလာမ်မစ် စစ်သွေးကြွ အချို့တို့ကိုပါ လွှတ်ပေးရမည်ဆိုသော တောင်းဆိုချက် ပါဝင်လာခဲ့သည်။

အမေရိကန်အစိုးရ၏ မူဝါဒအရ IS ကဲ့သို့ စစ်သွေးကြွ အကြမ်းဖက်သမားများနှင့် ညှိနှိုင်းမှု လုံးဝ မပြုလုပ်နိုင်ကြောင်း တုံ့ပြန်ခဲ့သလို FBI ထောက်လှမ်းရေး အေးဂျင့်များကလည်း အီးမေးလ်များကို မိတ္တူကူးယူသွားခြင်းမှအပ သီးခြား လုပ်ဆောင်မှု တစ်စုံတစ်ရာ မရှိခဲ့ကြောင်း ဘယ်လ်ဘိုနီက မှတ်ချက်ပြုခဲ့သည်။ “အစိုးရက ကျွန်တော်တို့ လုပ်ဆောင်သမျှ အခြေအနေတိုင်းကို စောင့်ကြည့် လေ့လာနေခဲ့ပါတယ်။ ဒါပေမဲ့ တစ်ခုခု စွက်ဖက် တားမြစ်တာမျိုးတော့ မရှိခဲ့ဘူး”ဟု ၎င်းက ဆိုသည်။

အမေရိကန်သမ္မတ ဘာရတ်အိုဘားမား၏ အစိုးရအဖွဲ့က ၎င်းတို့အနေဖြင့် အကြမ်းဖက်သမားများနှင့် ညှိနှိုင်းမှု မပြုလုပ်သည့် မူဝါဒကို ပြင်ဆင်မည် မဟုတ်ကြောင်း ဩဂုတ်(၂၁)ရက်က အခိုင်အမာ ကြေညာခဲ့သည်။ “အစိုးရရဲ့ မူဝါဒက ရှင်းလင်းပါတယ်။ အမေရိကန် အစိုးရဟာ ဒီမူဝါဒကို အချိန်ကြာမြင့်စွာ ကိုင်စွဲထားခဲ့တာ ဖြစ်ပါတယ်။ ပြန်ပေးဆွဲထားတဲ့ သူတွေကို တောင်းတဲ့အတိုင်း ငွေပေးလိုက်ခြင်းဟာ ရေရှည်မှာ အမေရိကန်အတွက် မကောင်းပါဘူး။ အမေရိကန် ပြည်သူတွေ မကြာခဏ အဖမ်းခံရဖို့ အန္တရာယ်မျိုး ကြုံလာနိုင်ပါတယ်”ဟု အမျိုးသား လုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရ အမျိုးသမီး ကိုင်တလင်ဟေဒန်က ပြောကြားသွားသည်။

_Ref: BBC
7Day Daily

No comments:

Post a Comment