Sunday, December 21, 2014
အလ္လာရှင်မြတ်သာ အကြီးမြတ်ဆုံးဟု ဟစ်ကြွေးပြီး ပြင်သစ်ရဲများကို ဓားကိုင်တိုက်ခိုက်
အလာဟုအတ်ကာ (အလ္လာအရှင်မြတ်သာ အကြီးမြတ်ဆုံး) ဟု ဟစ်ကြွေးပြီး ရဲအရာရှိသုံးဦးကို ဓားဖြင့်ထိုးသူကို ပြင်သစ်ရဲများက ပစ်သတ်လိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
ပြင်သစ်အလယ်ပိုင်း တိုးမြို့အနီးရှိ ဂျို့လတ်တိုး ရဲစခန်းတွင် ဓားကိုင်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကာ တိုက်ခိုက်သူမှာ အခင်းဖြစ်ပွားရာ ဒေသတွင်ပင် သေဆုံးသွားကြောင်း ပြင်သစ် ပြည်ထဲရေးဝန်ကြီး ဘားနက်က ပြောကြားသည်။တိုက်ခိုက်သူမှာ ဓားကိုင်တိုက်ခိုက်နေစဉ် အတွင်း “အလာဟုအတ်ကာ” ဟု ဟစ်ကြွေးခဲ့ကြောင်း ၎င်းက အတည်ပြု ပြောကြားသည်။
အကြမ်းဖက်အုပ်စုဖြင့် ပူးပေါင်းကာ ရာဇဝတ်မှု ကျူးလွန်ရန် ကြံစည်မှု၊ လူသတ်ရန် ကြံစည်မှုများဖြင့် အမှုဖွင့်ထားကြောင်း ပြင်သစ်အကြမ်းဖက်မှု တန်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။
“သူတစ်ယောက်တည်း ကျူးလွန်တာလား၊ အခြားအပေါင်းအပါတွေ ရှိသေးလား၊ အသိစိတ်မဲ့ပြီး လုပ်တာလား စစ်ဆေးဖို့ လိုပါတယ်” ဟု အစိုးရရှေ့နေ ဂျင်းလူ့က BFM-TV ကို ပြောကြားသည်။
ဓားကိုင်တိုက်ခိုက်သူမှာ ရာဇဝတ်မှုများ ကျူးလွန်လေ့ ရှိသဖြင့် ပြင်သစ်ရဲတပ်ဖွဲ့များက သတိထားမိပြီး ဖြစ်သော်လည်း ပြင်သစ်ထောက်လှမ်းရေး အဖွဲ့၏ စောင့်ကြည့်ရေးစာရင်းတွင် ပါဝင်ခြင်း မရှိကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။
ဒဏ်ရာရရှိထားသော ပြင်သစ်ရဲအရာရှိ သုံးဦးကို ဆေးရုံတင်ထားသော်လည်း အခြေအနေ စိုးရိမ်ရခြင်း မရှိကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
The Voice Weekly

No comments:
Post a Comment