“သူငယ်ချင်းတွေ ဖေ့စ်ဘွတ်ခ်ပေါ်မှာ တစ်ယောက်နဲ့တစ်ယောက် စနောက်ရင်း အပြန်အလှန်ဆဲဆိုတဲ့ ကိစ္စ စကားများ ရန်ဖြစ်တာ၊ ရန်ဖြစ်တဲ့ နှစ်ယောက်ကို ဝင်ဖျန်ဖြေပေးတဲ့ ကျောင်းသားက ဓားနဲ့ ထိုးခံရပြီး စံပြဆေးရုံ တင်ထားရတယ်၊ စခန်းမှာ အမှုဖွင့်ပြီး ဖြစ်စဉ်အသေးစိတ်ကို ကလေးတွေခေါ် စစ်ဆေးနေပါတယ်” ဟု ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
ယင်းဓားထိုးခံရသည့် ရှစ်တန်းကျောင်းသားမှာ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်းတွင် စာမေးပွဲဖြေဆိုကာ ၎င်းနှင့် တစ်ကျောင်းတည်း အတူတက်ရောက်နေသည့် ရှစ်တန်းကျောင်းသားများနှင့်အတူ ပြန်လာစဉ် လမ်းတွင် သူငယ်ချင်းများ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ် အပြန်အလှန် ဆဲဆိုခဲ့သည့် ကိစ္စဖြင့် စကားများ ရန်ဖြစ်နေသော ကျောင်းသားနှစ်ဦးကို ကြားဝင်ဖျန်ဖြေခဲ့ရာမှ အသက် ၁၄ နှစ် အရွယ်ရှိ ရှစ်တန်းကျောင်းသားက လွယ်အိတ်အတွင်း ယူဆောင်လာသည့် အရိုးအသွား ၁၀ လက်မခန့်ရှိ စတီးဓားဖြင့် ၎င်း၏ ဝမ်းဗိုက်ကို ထိုးခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
“ရန်ဆက်မဖြစ်ဖို့ ဓားထိုးမှု ကျူးလွန်တဲ့ ကျောင်းသားကို ကြားဝင်ဖျန်ဖြေပေးသူက ပါးရိုက်ပြီး ဟန့်တားခဲ့တာ၊ ပါးရိုက်ခံရသူက ရှက်ပြီး လွယ်အိတ်ထဲ ပါလာတဲ့ ဓားနဲ့ ထုတ်ထိုးခဲ့တာကြောင့် ဘယ်ဘက်နံစောင်းမှာ ဒဏ်ရာလေးချက် ရခဲ့ပြီး ဆေးရုံမှာ အတွင်းလူနာအဖြစ် တင်ထားရတယ်” ဟု ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
အဆိုပါ ဓားထိုးမှု ကျူးလွန်သည်ဟု တိုင်ကြားခံရသည့် ရှစ်တန်းကျောင်းသားကို ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့မရဲစခန်းတွင် (ပ) ၅၂၈/၁၅၊ ပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
The Voice Weekly
No comments:
Post a Comment