မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ရေဘေးသင့်ဒေသများအတွက် ရေရှည်ဖွံဖြိုးတိုးတက်ရန် EU က လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံဖြိုးရေး၊ ပညာရေး ခေါင်းစဉ်များဖြင့် ကျပ်သန်းဘီလီယံ ၉၀၀ အကူအညီပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ EU သံအမတ်ကြီးMr.Roland Kobia က ပြောကြားသည်။ဧရာဝတီတိုင်းဒေသကြီးမှ ရေဘေးအန္တရာယ်ကြုံတွေ့ခဲ့ရသော သာပေါင်းမြို့နယ်၊ မြတ်စန္ဒီကျေးရွာသို့ သွားရောက်ခဲ့ပြီးအပြန်တွင် ပုသိမ်မြို့၌ မီဒီယာများကမေးမြန်းရာ ၎င်းက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ရေဘေးသင့်ဒေသများသို့ လူသားချင်းစာနာမှုဖြင့် EU ကို ကိုယ်စားပြု၍ ကိုယ်တိုင်သွားရောက်အားပေးခဲ့ကြောင်း၊ မြန်မာပြည်သူများ၏ ခံစားချက်များ၊ လိုအပ်ချက်များကို ကိုယ်တိုင်မြင်တွေ့ခဲ့ရကြောင်း၊ EU အနေနှင့် လယ်ယာစိုက်ပျိုးရေး၊ ဆင်းရဲမှုလျှော့ချရေး၊ ပညာရေး၊ ကျန်းမာရေးကိစ္စများကို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံဖြိုးရေးအတွက် ကျပ်သန်းဘီလီယံ ၅၀၀ နှင့် ပညာရေး၊ ကျန်းမာရေးအတွက် ကျပ်သန်း ဘီလီယံ ၄၀၀ တို့ကို အကူအညီပေးမည်ဖြစ်ကြောင်း၊ EU က ယခင်ကလည်း UN ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဒေသဆိုင်ရာ အဖွဲ့အစည်းများမှတစ်ဆင့် လှူဒါန်းပေးနေကြောင်း သံအမတ်ကြီးက ဆက်လက်ပြောဆိုသည်။
EU သံအမတ်ကြီးနှင့်အဖွဲ့သည် အောက်တိုဘာလ ၁ ရက်က သာပေါင်းမြို့နယ်ရှိ ရေဘေးသင့်ကျေးရွာများသို့ သွားရောက်ခဲ့ကြောင်း၊ အောက်တိုဘာလ ၂ ရက်တွင် ပုသိမ်မြို့ရှိ နိုင်ငံရေးပါတီများ၊ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့နှင့် သီးခြားစီတွေ့ဆုံခဲ့ပြီး ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးကိစ္စရပ်များကို တွေ့ဆုံညှိနှိုင်းခဲ့ကြသည်။
"ကျွန်တော်တို့နဲ့ နိုင်ငံရေးပါတီတွေတွေ့ဆုံတော့ ရွေးကောက်ပွဲမဲစာရင်းမှားနေတဲ့ ကိစ္စတွေ၊ နိုင်ငံရေးနဲ့ ဘာသာရေးကိစ္စတွေ၊ တခြားအခက်အခဲတွေကို သိရှိခဲ့ရပါတယ်" ဟု EU သံရုံးမှ Political Officer ဦးအောင်အောင်က ဆိုသည်။
The Voice Weekly







0 comments:
Post a Comment