Tuesday, January 23, 2018

၁၀ တန်းကျောင်းသူကို လူသတ်မီးရှို့ အလောင်းဖျောက်သူနှစ်ဦးအား စတင်တရားစွဲ


ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် အသက် ၁၈ နှစ်အရွယ် ၁၀ တန်း ကျောင်းသူကို လူသတ်မီးရှို့ အလောင်းဖျောက်ဖျက်မှု ကျူးလွန်ခဲ့သည့် အမျိုးသားနှစ်ဦးကို ဇန်နဝါရီ ၂၃ ရက် မွန်းလွဲ ၂ နာရီ ခန့်က ခရိုင်တရားရုံး၌ စတင်တရားစွဲဆိုခဲ့သည်။
“ပြစ်မှုကျူးလွန်ခဲ့တဲ့ တရားခံနှစ်ဦးလုံးကို ရမန်ကြီး နှစ်ပတ်ယူပြီး စစ်ဆေးပြီးဖြစ်လို့ ဒီနေ့ စတင်တရားစွဲဆို ခဲ့တာပါ။ သူတို့နှစ်ယောက်လုံးကို အဓမ္မမှုနဲ့ပါ စွဲဆိုနိုင်ဖို့ ဥပဒေအကြံပြုချက် ပေးထားပါတယ်”ဟု ကျိုင်းတုံ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးမြင့်ဆွေက ပြောကြားသည်။

မိန်းကလေးငယ်ကို လူသတ်မီးရှို့ အလောင်းဖျောက်ဖျက်မှု ကျူးလွန်ခဲ့သည့် စိုးလွင် (၄၀ နှစ်) နှင့် စိုင်းရှဲန် (ခ) အိုက်ပီး (၂၉ နှစ်) တို့ကို ရာကြီးမှုအမှတ် (၁၂/၂၀၁၈) ရာဇသတ်ကြီး ပုဒ်မ ၃၇၆/၅၁၁၊ ၃၀၂/၁၁၄၊၂၀၁ ဖြင့် တရားစွဲဆိုကာ စတင်စစ်ဆေးနေကြောင်း ကျိုင်းတုံခရိုင် တရားသူကြီး ဦးမျိုးဆွေဦးက ရှင်းပြသည်။

“ကျွန်တော့်သမီးလေးကို ရက်ရက်စက်စက်သတ်ခဲ့တဲ့ တရားခံနှစ်ယောက်လုံး ထိုက်တန်တဲ့ ပြစ်ဒဏ်ကျခံ ရရင် ကျေနပ်ပါတယ်။ သမီးလေးကို မတရားအဓမ္မပြုကျင့်ခဲ့လို့သာ ဖော်မှာစိုးလို့ အခုလိုသတ်ပြီး မီးရှို့ဖျောက်ဖျက်ခဲ့တာလို့ ယုံကြည်တယ်”ဟု သေဆုံးသူ၏ ဖခင်ဖြစ်သူ ဦးမောင်ညိုက ဆိုသည်။

၁၀ တန်းကျောင်းသူကို ပြစ်မှုကျူးလွန်သူ နှစ်ဦးက အမှတ် (၄) ရပ်ကွက်ရှိ နေအိမ်တစ်လုံး၌ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်တွင် သတ်ဖြတ်ခဲ့ကြောင်း၊ ယင်းနောက် ကျိုင်းတုံ-လွိုင်မွေလမ်းဘေး မိုင်တိုင်အမှတ် (၈/၄) အနီးရှိ ချောက်ထဲတွင် မီးရှို့ခဲ့ရာ မည်သူမည်ဝါမှန်းမသိရသည့် အရိုးစုကို ဒီဇင်ဘာလ ၂၂ နေ့တွင် တွေ့ရှိခဲ့ကြောင်း၊ အလောင်း၏ လက်တွင်ကျန်ရစ်သည့် အသည်းပုံလက်စွပ်ကို ခြေရာခံရာမှ သေဆုံးသူ မည်သူမည်ဝါနှင့် လေးရက်အကြာတွင် ကျူးလွန်သူနှစ်ဦးကို ဖမ်းမိခဲ့ကြောင်း ကျိုင်းတုံမြို့မရဲစခန်းထံမှ သိရသည်။

The Voice

No comments:

Post a Comment