ရာထူးမှ နုတ်ထွက်ခဲ့ရသူ သမ္မတပတ် ဂွန်ဟီးအစိုးရအပေါ် ဝေဖန်သူများဟု ယူဆရသူ အနုပညာရှင် ၁၀,၀၀၀ ခန့်ကို နာမည်ပျက်စာရင်းသွင်းရာတွင် ပါဝင်ပတ်သက်မှုဖြင့် ယဉ်ကျေးမှုဝန်ကြီးဟောင်း ချိုယွန်ဆန်ကို တောင်ကိုရီးယား အယူခံတရားရုံးက အင်္ဂါနေ့တွင် ထောင်ဒဏ်ချမှတ်လိုက်သည်ဟု AFP သတင်းတွင် ဖော်ပြထားသည်။
ဆိုးလ်ဗဟိုတရားရုံးသည် သမ္မတဟောင်းပတ်၏ ရုံးအဖွဲ့မှူး ကင်မ်ကီချွန်းကိုလည်း ထောင်ဒဏ်သုံးနှစ်မှ လေးနှစ်သို့ တိုးမြှင့်ခဲ့သည်။
၂၀၁၆ တွင် ယဉ်ကျေးမှုဝန်ကြီး ဖြစ်မလာမီ သမ္မတပတ်၏ မူဝါဒအကြံပေးဖြစ်ခဲ့သူ မစ္စချိုယွန်ဆန်နှင့်ပတ် သက်၍ တရားရုံးက “အနုပညာရှင်အချို့အပေါ် အစိုးရ၏ အားပေးမှုကို ရပ်ဆိုင်းရန် ကြိုးပမ်းမှုတွင် သူမပတ်သက်ခဲ့ကြောင်း ယုံကြည်ရန် အကျိုးအကြောင်း ခိုင်လုံသည်”ဟု မှတ်ချက်ပေးခဲ့သည်။
အာမခံ ရရှိထားသော မစ္စချိုယွန်ဆန်သည် စီရင်ချက်အပြီးတွင် တရားရုံး၌ ပြန်လည်ဖမ်းဆီးခြင်းခံခဲ့ရသည်။
၂၀၁၆ ခုနှစ်က ထွက်ပေါ်ခဲ့သော နာမည်ပျက်စာရင်းသည် နိုင်ငံတော် အထောက်အပံ့ရနေသော ချို့တဲ့သည့် အနုပညာရှင်များကို ပစ်မှတ်ထားခြင်းဖြစ်ပြီး အာဏာပိုင်များ၏ စောင့်ကြည့်မှုစာရင်းတွင် ထည့်သွင်းခြင်းဖြစ် သည်။
ထိုအနုပညာရှင်အများစုမှာ အတိုက်အခံများကို ထောက်ခံသူများဖြစ်ကြပြီး သမ္မတပတ်နှင့် သူမ၏ မူဝါဒ များကိုဖြစ်စေ၊ သူမ၏ဖခင် ကွယ်လွန်သူ ဗိုလ်ချုပ်ကြီး ပတ်ချုံဟီးကိုဖြစ်စေ ပြစ်တင်ဝေဖန်ခဲ့ကြသည်။
ရုပ်ရှင်၊ ပြဇာတ်၊ သဘင်၊ ဂီတ၊ ပန်းချီနှင့် စာပေနယ်မှ အနုပညာရှင်အမည်များပါဝင်သော အဆိုပါစာရင်း သည် ဆိုးလ်အနုပညာလောကတွင် ဘယ်သူက ဘယ်သူ့လူလဲဟူသောအချက်ကို စိစစ်ရာရောက်သည်။
ထိုစာရင်းတွင် ၂၀၁၆ နိုင်ငံတကာ စာပေဆုရှင် ဟန်ကန်း၊ ၂၀၀၄ ကိန်း ရုပ်ရှင်ပွဲတော်ဆုရ ဒါရိုက်တာ ပတ်ချန်ဝတ် စသူတို့ ပါဝင်သည်။
သမ္မတဟောင်းပတ်မှာမူ အဂတိလိုက်စားမှုနှင့် အာဏာအလွဲသုံးစားပြုမှု အရှုပ်အထွေးတွင် ပတ်သက် မှုကြောင့် ပြစ်တင်စွပ်စွဲခံရကာ မနှစ်က ရာထူးမှ နုတ်ထွက်ခဲ့ရပြီး လောလောဆယ် တရားရုံးတွင် အမှုစစ်ဆေးခြင်းကို ရင်ဆိုင်ရလျက်ရှိသည်။
The Voice

No comments:
Post a Comment