Monday, January 29, 2018

တရားမျှတမှုရှိသည့် လူ့အဖွဲ့အစည်းဖြစ်ရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း


အမှန်တရားနဲ့ တရားမျှတမှုရှိတဲ့ လူ့အဖွဲ့အစည်းဖြစ်ဖို့ လူတိုင်းမှာ တာဝန်ရှိပြီး တရားမျှတတဲ့ လူ့အဖွဲ့အစည်း ဖြစ်ထွန်းပေါ်ပေါက်ခြင်းဟာ ဒီမိုကရေစီ ခိုင်မာစေခြင်းပဲ ဖြစ်တယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ဇန်နဝါရီ ၂၉ ရက်က လုပ်ခဲ့တဲ့ တရားလွှတ်တော် ရှေ့နေ ဦးကိုနီနဲ့ ယာဉ်မောင်း ဦးနေဝင်းတို့ ကွယ်လွန်ခြင်း ၁ နှစ်ပြည့် ဂုဏ်ပြုအောက်မေ့ဖွယ် အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ ခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီ ခိုင်မာတောင့်တင်းတာနဲ့အမျှ အမျိုးသား ရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အပံ့ ဖြစ်စေတဲ့အပြင် နိုင်ငံတော်နဲ့ နိုင်ငံသူနိုင်ငံသားများရဲ့ အမျိုးသားအကျိုးစီးပွားကို သယ်ပိုး ထမ်းဆောင်ခြင်းလည်း ဖြစ်တယ်လို့ ပြောပါတယ်။

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဦးကိုနီတို့ ကွယ်လွန်ခြင်း အခမ်းအနားကို အလုပ်တာဝန်များလွန်းလို့ သူကိုယ်တိုင် မတက်ရောက်နိုင်တဲ့အတွက် နားလည်ပေးဖို့လည်း သဝဏ်လွှာမှာ ဖော်ပြပါတယ်။

ရှေ့နေ ဦးကိုနီနဲ့ အငှားယာဉ်မောင်း ကိုနေဝင်းတို့ဟာ အမှန်တရားနဲ့ တရားမျှတမှုတို့ရဲ့ ဘက်တော်သားတွေအဖြစ် အသက်ပေးခဲ့ကြပြီး သူတို့ကို ပြည်သူအများစုက တန်ဖိုးထား လေးစားကြတယ်။ သေသောသူ ကြာရင်မေ့ ဆိုပေမယ့် သူတို့ကိုတော့ ပြည်သူတွေက မမေ့ကြဘဲ လူသေပေမယ့် နာမည်မသေသူတွေ ဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်း စုကြည်ရဲ့ သဝဏ်လွှာမှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့နှစ်က လုပ်ခဲ့တဲ့ ဦးကိုနီနဲ့ ဦးနေဝင်းတို့ တလပြည့် အောက်မေ့ဖွယ် အခမ်းအနားမှာ လည်း ဒေါ်အောင်ဆန်းစုကြည် က ဦးကိုနီနဲ့ ဦးနေဝင်းတို့ဟာ အာဇာနည်သူရဲကောင်းတွေ နိုင်ငံ့သားကောင်းတွေ ဖြစ်တယ်လို့ ဂုဏ်ပြု ပြောကြားခဲ့ဖူး ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအထောက်အကူပြုအဖွဲ့ဝင် ရှေ့နေဦးကိုနီဟာ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီ ၂၉ ရက်နေ့က ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ရှေ့မှာ သေနတ်နဲ့ ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခံရပြီး သေနတ်သမားကို လိုက်ဖမ်းတဲ့ တက္ကစီမောင်းသမား ဦးနေဝင်းလည်း သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့ပါတယ်။

DVB
 

No comments:

Post a Comment