ဗုဒ္ဓသာသနာတော် ထွန်းကားပြန့်ပွားရေး ပူးပေါင်းဆောင်ရွက်ရန် နေပြည်တော်မှာ နိုင်ငံတကာ ဗုဒ္ဓဓမ္မ စင်တာ တည်ဆောက်ဖို့ တရုတ်-မြန်မာ သဘောတူညီမှု ရရှိသွားတယ်လို့ အစိုးရပြန်ကြားရေး သတင်း ထုတ်ပြန်ချက်အရ သိရပါတယ်။
မြန်မာနိုင်ငံ ထေရဝါဒဗုဒ္ဓဘာသာနဲ့ တရုတ်နိုင်ငံ မဟာယာန ဗုဒ္ဓဘာသာအဖွဲ့တို့အကြား သာသနာတော် ထွန်းကားပြန့်ပွားရေးအတွက် ပူးပေါင်းဆောင်ရွက်လိုပါကြောင်း၊ နေပြည်တော်မှာ နိုင်ငံတော်အစိုးရက ချမှတ်ထားတဲ့ မူဝါဒနဲ့အညီ ဗုဒ္ဓဘာသာ ကမ္ဘာအနှံ့ ပြန့်ပွားစေဖို့ နိုင်ငံတကာ ဗုဒ္ဓဓမ္မစင်တာ တည်ဆောက်လို ပါကြောင်း တရုတ်နိုင်ငံက ဆရာတော်တွေက တင်ပြလျှောက်ထားခဲ့တယ်လို့ ဆိုပါတယ်။
နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ကြီးကလည်း “နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး၊ ဗုဒ္ဓဘာသာ ထွန်းကားရေးအလို့ငှာ နိုင်ငံတကာ ဗုဒ္ဓဓမ္မစင်တာ ဆောက်လုပ်ဖို့ မူအားဖြင့် သဘောတူ ညီကြောင်း မိန့်ကြားတယ်”လို့ သိရပါတယ်။
အခြားကမ္ဘာ့နိုင်ငံတွေရှိ ဘာသာတွေနဲ့ နှိုင်းယှဉ်ပါက ဗုဒ္ဓဘာသာအင်အားမှာ အလွန်နည်းပါးနေတဲ့အတွက် ဗုဒ္ဓဘာသာ နှစ်ရပ်ပေါင်း ဆောင်ရွက်ရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေးကို အထောက်အကူဖြစ်စေမယ့် သာသနာပြု လုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်ရေးအတွက် နိုင်ငံတကာ ဗုဒ္ဓဓမ္မစင်တာကို နိုင်ငံတော်သံဃာ့မဟာ နာယကအဖွဲ့ရဲ့ ဦးဆောင်မှုအောက် ထားရှိပြီး ဆောင်ရွက်သွားမယ်လို့လည်း သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌက ပြောပါတယ်။
“နိုင်ငံတကာဗုဒ္ဓဓမ္မစင်တာတခု နေပြည်တော်မှာ တည်ဆောက်ဖို့ မြေနေရာ ရရှိစေရေးအတွက် နေပြည်တော် စည်ပင်သာယာရေးကော်မတီနဲ့ ညှိနှိုင်းဆောင်ရွက်သွားမယ်။ ဒီအတွက် သာသနာရေးဦးစီး ဌာနက ဦးဆောင်တဲ့ ကော်မတီတရပ် ဖွဲ့စည်းဆောင်ရွက်သွားမယ်”လို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောပါတယ်။
တရုတ်နိုင်ငံ ဗုဒ္ဓဘာသာအဖွဲ့ဟာ မြန်မာ-တရုတ် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ရှိစေဖို့ ဇန်နဝါရီ ၇ ရက်မှ ၁၄ ရက်ထိ မြန်မာနိုင်ငံကို သာသနာပြုခရီး လာရောက်ခဲ့တာ ဖြစ်ပါတယ်။
ဓာတ်ပုံ- The Mirror Daily
DVB

No comments:
Post a Comment