မဟာသင်္ကြန်ပွဲတော်ရက်အပြီး မြောင်းမြမြို့တွင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင့် ကုန်ကားများ ၀င်ရောက်ရန် ခက်ခဲမှု လုပ်သားလိုအပ်ချက်များကြောင့် ရေဘူးများ အပါအ၀င် စားသောက်ကုန်ပစ္စည်းများ စက်သုံးဆီများ အပါအ၀င် ကုန်ပစ္စည်းအချို့ ရှားပါးပြတ်လပ်မှုများ ဖြစ်ပေါ်ခဲ့ရကြောင်း သတင်းရရှိသည်။
မြောင်းမြကြိုးတံတား ပျက်ကျခဲ့ပြီး မြောင်းမြမြို့နှင့် လပွတ္တာမြို့များသို့ ကုန်စည်များ ပို့ဆောင်ရာတွင် အခက်အခဲများ ဖြစ်ပေါ်ခဲ့ပြီး မဟာသင်္ကြန်ပွဲတော်ရက်အတွင်း ၀ယ်လိုအားများပြားခြင်း၊ ကုန်စည်များ တစ်ဖက်ကမ်းမှ တစ်ဖက်ကမ်းသို့ သယ်ပို့ရာတွင် အခက်အခဲများနှင့် လုပ်သားရှားပါးမှုများကြောင့် မြို့ပေါ်တွင် သောက်သုံးရေသန့်ဘူး ကဲ့သို့သော ကုန်ပစ္စည်းများမှာ ၀ယ်ယူရန် ခက်ခဲခဲ့သည်အထိ ဖြစ်ပေါ်ခဲ့ကြောင်း၊ စားသောက်ကုန်စည်များမှာလည်း ဈေးနှုန်းများ အနည်းငယ် မြင့်တက်လာခဲ့ကြောင်း၊ စက်သုံးဆီတင်ယာဉ်များမှာ ဖြတ်သန်းရန် ခက်ခဲမှုများကြောင့် မြောင်းမြမြို့နှင့် လပွတ္တာမြို့များရှိ အချို့သော စက်သုံးဆီဆိုင်များမှာ ဆိုင်များ ပိတ်ထားခဲ့ရသည်အထိ ဖြစ်ပေါ်ခဲ့ရကြောင်း သိရသည်။
ကျွန်တော်တို့ ဆွမ်းဆန်စိမ်းလောင်းလှူပွဲမှာ သံဃာတော်တွေကို ရေသန့်လှူဖို့ ရေသန့်ဘူးလိုက်ဝယ်တာ ၀ယ်လို့ကို မရတော့ဘူး။ မြို့ပေါ်မှာ ရေသန့်ဘူးဆို ပြတ်သလောက် ဖြစ်သွားတယ်၊ ရေသန့်ဘူးကားတွေက ဒီဘက်ကို လာလို့မရတော့ သယ်ဖို့ခက်ပြီး ပစ္စည်းပြတ်ကုန်တာ၊ အခြားကြက်သွန်တို့ ဆီတို့ဆိုလည်း ဈေးတွေ နည်းနည်းတက်ကုန်တယ်၊ ဆန်တောင်မှ ဆွမ်းဆန်စိမ်းလောင်းဖို့ကို တစ်ဖက်ကမ်းမှာရှိတဲ့ ဆန်စက်တွေကနေ ၀ယ်ဖို့မလွယ်ဘူး ဒီဘက်ကမ်းက ဆန်စက်တွေမှာပဲ အဓိကထား ၀ယ်ယူရတယ်” ဟု မြောင်းမြမြို့ ဒေသခံတစ်ဦးဖြစ်သူ ကိုဝင်းနိုင်က ပြောကြားသည်။
မြောင်းမြမြို့နှင့် လပွတ္တာမြို့များမှ နှစ်ဆန်း ၁ ရက် ရုံးပိတ်ရက်များအပြီး နေရပ်ပြန်ရန်အတွက် ကားလက်မှတ်မှာယူမှုများ အလွန်များပြားနေသည့်အပြင် မော်တော်ယာဉ်လိုင်းများမှာ ဇက်ကူးမရသောကြောင့် ခရီးသည်တင်ယာဉ်များကို နေရာနှစ်ခုခွဲကာ ထားရှိရသောကြောင့် ခရီးသည်တင်ယာဉ် နည်းပါးမှုများပါ ကြုံတွေ့နေရကြောင်း သိရသည်။
မင်းသူဝင်းထွဋ်
Eleven Media Group







0 comments:
Post a Comment