ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်ထွေ/အုပ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ စခန်းမှူးနှင့် အမှုစစ် ရဲတပ်ကြပ်ကြီးတစ်ဦးတို့ကို တရားစွဲဆိုခွင့်ပြုရန် နိုင်ငံတော် သမ္မတရုံးထံသို့ တိုင်ကြားစာပေးပို့ထားကြောင်း တရားစွဲဆိုမည့် ဦးကျော်သူရက ဧပြီလ ၂၉ ရက်တွင် အကုန်သိသတင်းဌာနကို ပြောသည်။
၎င်းတို့သည် ဦးကျော်သူရ၏ သားဖြစ်သူကို ဆိုင်ကယ်စီးနင်းသည့်အတွက် ဖမ်းဆီးပြီး ခြေချုပ်လုပ်မည်ဟုဆိုကာ ဥပဒေအရ ဆောင်ရွက်ခြင်း မရှိဘဲ ၂၄ နာရီထက်ပိုမိုချုပ်နှောင်ထားခြင်းကြောင့်ဖြစ်ကြောင်း ဦးကျော်သူရက ပြောသည်။
“ ကျွန်တော့်သားကို ဆိုင်ကယ်စီးလာလို့ဆိုပြီး ရဲတွေကဖမ်းတယ်။ ပထမတော့ ဆိုင်ကယ်ကိုပဲ ဖမ်းတယ်။ ပြီးတော့ ရဲစခန်းရှေ့လည်း ရောက်ရော အရင်ပြစ်ချက်ပောာင်းရှိလို့ ခြေချုပ်လုပ်မယ်ဆိုပြီး ကျွန်တော့်သားကို ရဲစခန်းမှာ ဖမ်းချုပ်ထားတယ်။ ခြေချုပ်လုပ်တယ်ဆိုရင်လည်း ကျွန်တော်လက်ခံတယ်။ ကျွန်တော်သားကို ၂၄ နာရီထက်ပိုပြီးချုပ်ထားလို့ သူတို့ကို တရားစွဲတာ။ မြို့နယ် ထွေ/အုပ်နဲ့ ရဲတွေ ပေါင်းပြီးလုပ်တာ ပေါ်လွင်လို့ ကျွန်တော်တရားစွဲမှာ ” ဟု ဦးကျော်သူရက ပြောသည်။
တရားစွဲဆိုမည့် ပုဂ္ဂိုလ်များမှာ ရွေပြည်သာမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထွန်းအောင်၊ ရွှေပြည်သာမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းစိုး၊ ရွှေပြည်သာမြို့နယ်(မြို့မ) စခန်းမှူး ဒုရဲမှူး ခင်ဇော်နှင့် ရွှေပြည်သာမြို့နယ်(မြို့မ) ရဲစခန်းမှ အမှုစစ် ရဲတပ်ကြပ်ကြီး အောင်ထွန်းမြင့်တို့ဖြစ်ကြောင်း သိရသည်။
ဦးကျော်သူရသည် ဧပြီလ ၂၅ ရက်က နေပြည်တော်ကောင်စီနယ်မြေရှိ နိုင်ငံတော်သမ္မတရုံးသို့ တိုင်ကြားစာ ပေးပို့ခဲ့ပြီး ရာဇဝတ်ဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ-၁၉၇ အရ တရားစွဲဆို ခွင့်ပြုမိန့်ချမှတ်ပေးပါရန် နိုင်ငံတော်သမ္မတရုံးထံ ခွင့်ပြုမိန့်တောင်းခံထားကြောင်း သိရသည်။
အောင်သူရိန် (အကုန်သိသတင်းဌာန)

No comments:
Post a Comment