Monday, May 7, 2018

ချင်းပြည်နယ် အစိုးရအဖွဲ့တွင် ဝန်ကြီးသုံးပါး အပြောင်းအလဲလုပ်မည်


ချင်းပြည်နယ် အစိုးရအဖွဲ့တွင် ဝန်ကြီးသုံးပါးကို အပြောင်းအလဲပြုလုပ်မည်ဟု ချင်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲ က မေလ ၇ ရက်တွင် အကုန်သိသတင်းဌာနကို ပြောသည်။

ထိုသို့ အပြောင်းအလဲလုပ်ရခြင်းမှာ အစိုးရသက်တမ်း နှစ်နှစ်တာ ကာလအတွင်း၌ ၄င်းတို့ကို ပေးအပ်ထားသည့် လုပ်ငန်းတာဝန်များကို ကျေပွန်အောင် ဆောင်ရွက်နိုင်ခြင်း မရှိခြင်းကြောင့်ဟု ဦးဇိုဘွဲက ပြောသည်။

“ အားလုံးတော့ မဟုတ်ပါဘူး။ ဝန်ကြီးသုံးယောက်လောက်ကိုတော့ အပြောင်းလုပ်ရင် ကောင်းမယ်ပေါ့။ ဘာကြောင့် အပြောင်းအလဲ လုပ်ရတာလဲဆိုရင် အစိုးရသက်တမ်း နှစ်နှစ်တာ ကာလအတွင်းမှာ ပေးအပ်ထားတဲ့ လုပ်ငန်းတွေကို ဆောင်ရွက်တဲ့အခါ ပြည်သူတွေအပေါ် ပွင့်လင်းမြင်သာ မရှိတာရယ်၊ လုပ်ငန်းနှောင့်နှေးတာရယ်ကြောင့်ပါ။ ဝန်ကြီးချုပ်ကနေ တဆင့် သမ္မတဆီကိုတော့ စာပို့ထားပြီးပြီ။ အကြောင်းတော့ မပြန်သေးဘူး။ အပြောင်းအလဲကတော့ ဒီရက်ပိုင်းမှာပဲ ဖြစ်မှာပါ ” ဟု ဦးဇိုဘွဲ က ပြောသည်။

အပြောင်းအလဲပြုလုပ်မည့် ဝန်ကြီးဌာနများမှ ဝန်ကြီးများမှာ စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်၊ လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်နှင့် ဆောက်လုပ်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးအိုးတို့ဖြစ်ပြီး ယင်းဝန်ကြီး သုံးပါး ပြောင်းလဲမည့်အကြောင်းကို အကုန်သိသတင်းဌာနမှ မေလ ၇ ရက်တွင် တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ဦးရွှေထီးအိုးက ထိုကိစ္စကို နေပြည်တော်ရောက်ရှိနေသဖြင့် မသိရှိကြောင်း ပြန်လည်ဖြေကြားခဲ့ပြီး ကျန်ဝန်ကြီးနှစ်ပါးမှာ ဖုန်းပြန်လည်ဖြေကြားခဲ့ခြင်း မပြုခဲ့ပါ။

အောင်သူရိန်(အကုန်သိသတင်းဌာန) 


No comments:

Post a Comment