Thursday, May 10, 2018

လိပ်ကျွန်းနှင့် ရနောင်းလူသတ်မှုများအတွက် ထိုင်းနိုင်ငံ ဗဟိုတရားရုံးသို့ အယူခံဆက်တက်မည်ဟုဆို


လိပ်ကျွန်းနှင့် ရနောင်းလူသတ်မှုများအတွက် မြန်မာရွှေ့ပြောင်းလုပ်သားများကို သေဒဏ်အပါအဝင် ပြစ်ဒဏ်အမျိုးမျိုး ချမှတ်ထားမှုကို ထိုင်းနိုင်ငံ ဗဟိုတရားရုံးသို့ အယူခံများ ဆက်တက်သွားရန် ရှိကြောင်း ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများအရေး ဆောင်ရွက်ပေးနေသူ ဦးထူးချစ် က ပြောကြားလိုက်သည်။

လိပ်ကျွန်းနှင့် ရနောင်းလူသတ်မှုများအတွက် ပြစ်ဒဏ်များ ချမှတ်ခံထားရသည့် မြန်မာရွှေ့ပြောင်း လုပ်သားများအရေး ဆောင်ရွက်နေခြင်းကို မီဒီယာများ သိရှိနိုင်စေရန်အတွက် သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ယနေ့ မေလ ၁၀ ရက်တွင် ရန်ကုန်မြို့၊ ORCHID ဟိုတယ်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၄င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

“ ကျွန်တော်တို့ ဒီ ရနောင်းလူသတ်မှုအတွက် မြန်မာရွှေ့ပြောင်းလုပ်သားတွေအပေါ် ထိုင်းတရားရုံးက ချမှတ်လိုက်တဲ့ ပြစ်ဒဏ်ကို မကျေနပ်လို့ အယူခံဝင်မှာပါ။ ဘာကြောင့်လဲဆိုတော့ ဒီလူသတ်မှုကို ဒီကလေးတွေ မကျူးလွန်ခဲ့ဘူးဆိုတာကို ကျွန်တော်တို့ ယုံကြည်နေလို့ပါ။ အစိုးရကိုတော့ အကူအညီတောင်းဖို့ မရှိပါဘူး။ ဒီကလေးတွေ အမှုအတွက် ထိုင်းနိုင်ငံမှာ တာဝန်ယူခဲ့ဖူးတဲ့ မြန်မာသံအရာရှိကို တရားရုံးမှာ သက်သေအဖြစ် ထွက်ဆိုပေးဖို့ ဖိတ်ခေါ်တာ လာမှ မလာတာ ။ ဘာမှမထူးလို့ အကူအညီလည်း မတောင်းတော့ဘူး။ ထိုင်းနိုင်ငံက ရှေ့နေတွေနဲ့ပဲ ဗဟိုတရားရုံးကို အယူခံ ဆက်တက်သွားမယ် ” ဟု ဦးထူးချစ်က ပြောသည်။

၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်တွင် ထိုင်းနိုင်ငံတောင်ပိုင်း၊ ရနောင်းမြို့၌ ထိုင်းကျောင်းသူတစ်ဦး အသတ်ခံရမှုကြောင့် မြန်မာအလုပ်သမား ၄ ဦးဖြစ်သော မိုးဇင်အောင်၊ ကျော်စိုးဝင်း၊ စိန်ကတုံးနှင့် ဝေလင်းတို့ကို အောက်တိုဘာလ ၂၀ ရက်တွင် ဖမ်းဆီးခဲ့ပြီး ၂၀၁၈ ခုနှစ်၊ ဧပြီလ ၁၉ ရက်တွင် ၄င်းတို့ကို ပြစ်မှုထင်ရှားသည်ဟုဆိုကာ ထိုင်းနိုင်ငံ တရားရုံးမှ မိုးဇင်အောင်ကို အဓိက တရားခံအဖြစ် ထောင်ဒဏ် ၄ နှစ်နှင့် ငွေဒဏ်၊ ကျော်စိုးဝင်းအား ထောင်ဒဏ် ၂ နှစ်နှင့် ငွေဒဏ်၊ စိန်ကတုံးနှင့် ဝေလင်းတို့ကို ထောင်ဒဏ် ၆ နှစ်နှင့် ၈ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး ငွေဒဏ်မှာ စုစုပေါင်း ဘတ်ငွေ ၅ သိန်းကျော်ဖြစ်ကြောင်း သိရသည်။

အောင်သူရိန် (အကုန်သိသတင်းဌာန) 

0 comments:

Post a Comment