Thursday, May 10, 2018

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှ ခြံစည်းရိုးအသစ် ခြောက်မိုင်နီးပါးကာရံပြီး

မြန်မာ- ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ အသစ်ဆောက်လုပ် ကာရံရန် ကျန်ရှိသော မိုင်တိုင် ၄၀ အနက်မှ ၆ မိုင်နီးပါးကို ခြံစည်းရိုးအသစ်အဖြစ် ကာရံပြီးစီးနေကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ အကြီးတန်းတာဝန်ရှိတစ်ဦးက ပြောကြားသည်။

“နယ်စပ်ခြံစည်းရိုးက ခြောက်မိုင်နီးပါး ကာထားပါပြီ။ လိုအပ်တဲ့ ဘတ်ဂျက်လည်း ချပေးထားတော့ အမြန်ဆုံးပြီးအောင် ဆောင်ရွက်ဖို့ စီစဉ်နေတယ်”ဟု ၎င်းကဆိုသည်။

နယ်စပ်ခြံစည်းရိုးတွင် လက်ရှိကာရံလျက်ရှိသော သံဆူးကြိုးများသည် လုံခြုံရေးအဆင့်အရ ခိုင်မာစေရန် ပြည်ပနိုင်ငံထုတ် သံမဏိသံဆူးကြိုး အမျိုးအစားဖြင့် ဆောင်ရွက်နေပြီး နယ်စပ် ခြံစည်းရိုးတစ်လျှောက်ရှိ အသစ်ကာရံ ရမည့်နယ်စပ်မိုင်တိုင် လမ်းကြောင်းအတိုင်း ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် တပ်မတော် စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးတို့မှ ဦးဆောင်၍ လမ်းဖောက်လုပ်မှုများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနထံမှ သိရသည်။

လက်ရှိတွင် ခိုးဝင်ဘင်္ဂါလီများ နယ်စပ်ခြံစည်းရိုးမှတစ်ဆင့် မြန်မာပိုင်နက်အတွင်းသို့ ပြန်လည် ခိုးဝင်နေမှုများ ဖြစ်ပေါ်နေခြင်းကြောင့် အမှတ် (၁) နယ်ခြားစောင့် ရဲကွပ်ကဲမှု ဌာနချုပ်က လုံခြုံရေး တင်းကျပ်ထားကြောင်း ယင်းနယ်ခြားစောင့် ရဲကွပ်ကဲမှု ဌာနချုပ်မှ အကြီးတန်း ရဲအရာရှိတစ်ဦးက ဆိုသည်။

“လုံခြုံရေးပိုင်း နယ်စပ်လမ်းကြောင်းတစ်ခုလုံး ကွပ်ကဲနေတယ်။ ပြည်ထောင်စုအဆင့် ဥပဒေနဲ့အညီ ပြန်လက်ခံဖို့ လုပ်နေတယ်။ ဒီလို တရားမဝင် လမ်းကြောင်းက လုံးဝခွင့်မပြုပါဘူး”ဟု ၎င်းကဆိုသည်။

ထို့အပြင် ယခင်ကာရံထားသည့် ခြံစည်းရိုးဧရိယာမှ မိုင်တိုင် ၁၃၀ ခန့်မှ လုံခြုံရေးစည်း ကျိုးပေါက်နိုင်မည့် သံဆူးကြိုး အပေါက်များကို နယ်ခြားစောင့် ရဲတပ်ဖွဲ့က စစ်ဆေးပေးလျက်ရှိပြီး သတင်းပေးပို့ပါက ပြည်ထောင်စုအဆင့် အုပ်ချုပ်ရေး အဖွဲ့အစည်းတို့က ဦးဆောင်ကာ တာဝန်ယူပြုပြင်နေကြောင်း၊ လက်ရှိတွင် လူဝင်ရောက်နိုင်သော သံဆူးကြိုး အပေါက် ၁၅၀ ခန့် ဖာထေးပြုပြင်ထားပြီဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနထံမှ သိရသည်။

နယ်စပ်ခြံစည်းရိုးကာရံရေး အသုံးစရိတ်ကို အစိုးရက ပြည်ထဲရေး ဝန်ကြီးဌာနမှတစ်ဆင့် လုပ်ငန်းဆောင်ရွက်မည့် စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးသို့ ပထမအဆင့် ငွေကျပ် ဘီလီယံ ၂၀ လက်ငင်းဖြည့်ဆည်းပေးထားပြီး ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ် ရန်ပုံငွေအရ ငွေကျပ် ၆ ဘီလီယံအပြင် ဖြည့်စွက်သုံးစွဲရန် ငွေကျပ် ၂ ဘီလီယံ ပေးထားကြောင်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်ထားသည်။

The Voice

0 comments:

Post a Comment