Wednesday, May 9, 2018

ထိန်ပင်အမှိုက်ပုံ မီးငြှိမ်းသတ်မှု စိတ်ချရသည့် အခြေအနေသို့ရောက်ရှိ၊ မီးငြှိမ်းသတ်ရေး လုပ်ငန်းစဉ်များပြီးဆုံး


ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်အတွင်းရှိ ထိန်ပင် အမှိုက်ပုံမီးလောင်နေမှုကို မေ ၂ ရက်တွင် အပြီးသတ်ငြှိမ်းသတ် နိုင်ခဲ့ပြီးဖြစ်သော်လည်း အမှိုက်ပုံအောက်ခြေမှ ထွက်ရှိသည့် အပူငွေ့များကြောင့် စောင့်ကြည့်ငြှိမ်းသတ်မှုများ ပြုလုပ်ခဲ့ရာ ယနေ့တွင် မီးငြှိမ်းသတ်မှု လုပ်ငန်းစဉ်များ ပြီးဆုံးသွားပြီဖြစ် ကြောင်း သိရသည်။


ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် မီးသတ်ဦးစီးမှူး ဦးမြင့်ဦးက ''မီးကြွင်းမီးကျန်နဲ့ အပူရှိန်ကြောင့်ဖြစ်တဲ့ မီးခိုးငွေ့ ထွက်ရှိမှုတွေကို မနေ့ကတည်းက အဆုံးသတ်ငြှိမ်းသတ်ခဲ့ပါတယ်၊ ဒါပေမယ့် ထပ်ပြီးကျန်နိုင် တဲ့ နေရာတွေကို စည်ပင်သာယာ ဝန်ထမ်းတွေနဲ့ ဒီကနေ့ထပ်ရှာပြီးငြှိမ်းပါ တယ်၊ မွန်းလွဲပိုင်းမှာ အားလုံးပြီးဆုံး သွားပါတယ်၊ ကျွန်တော်တို့အနေနဲ့ ငါးရက်ကြာ စောင့်ကြည့်ငြှိမ်းသတ် မှုတွေ လုပ်ခဲ့ပြီး ဒီနေ့မှာတော့ စိတ်ချရတဲ့ အနေအထား ဖြစ်တာကြောင့် မီးငြှိမ်းသတ်နေမှု အစီအစဉ် အားလုံးကို ရုပ်သိမ်းလိုက်ပြီး စည်ပင်သာယာ မီးသတ် တပ်ဖွဲ့ကို လွှဲပြောင်းပေး လိုက်ပါပြီ၊ သူတို့က လိုအပ်တဲ့အပိုင်း တွေကို ဆက်လက်လုပ်ဆောင် သွားမှာဖြစ်ပါတယ်'' ဟု ပြောသည်။

စောင့်ကြည့်ငြှိမ်းသတ်မှုကာလတွင် မီးသတ်တပ်ဖွဲ့ဝင်များ နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများက မီးငြှိမ်းသတ်ယာဉ်များ၊ ရေသယ်ယာဉ်များ၊ စက်ယန္တရား ကြီးများကို အသုံးပြု၍ စောင့်ကြည့် ငြှိမ်းသတ်မှုများ ပြုလုပ်ခဲ့ပြီး ယခုအခါတွင် စိတ်ချရသည့် အခြေအနေ ဖြစ်သော်လည်း အမှိုက်ပုံ ဧရိယာကျယ်ပြန့် သည့်အတွက် စည်ပင်ယာသာ မီးသတ်တပ်ဖွဲ့နှင့်အတူ ဝန်ထမ်းများက မီးငြှိမ်းသတ်ယာဉ် လေးစီးဖြင့် တာဝန်ယူ စောင့်ကြည့်မှုများ ပြုလုပ်သွား မည်ဖြစ် ကြောင်း သိရသည်။

စည်ပင်သာယာ မီးသတ်တပ်ဖွဲ့မှ ဦးစီးအရာရှိ စောစိုးစိုးမြင့် က ''ကျွန်တော်တို့အနေနဲ့ ဒီညနေပိုင်းက စတင်ပြီး တာဝန်ယူ လိုက်ပါပြီ၊ မီးလောင်မှုဖြစ်ပွားစဉ်က အပိုင်းအလိုက် သတ်မှတ် ငြှိမ်းသတ်ခဲ့တဲ့ အတိုင်း ဇုန်လေးဇုန်ကို အဖွဲ့တွေခွဲပြီး မီးသတ် ယာဉ်တွေနဲ့ အဆင်သင့်စောင့်ကြည့် မှုတွေ ထပ်လုပ်သွားမှာပါ၊ ကျွန်တော်တို့နဲ့အတူ စည်ပင်ဝန်ထမ်းတွေလည်း ပူးပေါင်း ဆောင်ရွက်မှာဖြစ်ပါတယ်၊ အခုအခြေအနေကလည်း မီးအားလုံး ငြိမ်းသွားပါပြီ၊ ဒါပေမယ့် ဧရိယာကျယ်ပြန့်တဲ့ အမှိုက်ပုံဆိုတော့ အတွင်းမှာ အောင်းနေနိုင်တဲ့ အပူတွေရှိနိုင်တဲ့အတွက် အခုလို စောင့်ကြည့်ရတာပါ'' ဟုပြောသည်။

မီးလောင်မှုဖြစ်ပွားနေစဉ်အတွင်း အမှိုက်ပုံအတွင်းပိုင်းမှ လောင်ကျွမ်းနေ မှုနှင့် မီးခိုးများထွက်ရှိနေမှုတို့ကို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ မဟာဗျူဟာအရ ဧပြီ ၂၉ ရက်မှ စတင်၍ (A,B,C,D) ဇုန်များပိုင်းခြား သတ်မှတ်ကာ တစ်ရက်လျှင် တစ်ဇုန်နှုန်းဖြင့် မေ ၂ ရက်တွင် အပြီးသတ်ငြှိမ်းသတ်နိုင်ခဲ့ပြီး ဖြစ်သော်လည်း အမှိုက် ပုံအောက်ခြေမှ အပူရှိန်ကြောင့် ထွက်ရှိသည့် အပူငွေ့များကို ငါးရက်ကြာ ထပ်မံစောင့်ကြည့်ငြှိမ်းသတ် မှုများပြုလုပ်ခဲ့ရာ ယနေ့တွင် စိတ်ချရသည့် အခြေအနေသို့ ရောက်ရှိသွားပြီဖြစ်၍ မီးငြှိမ်းသတ်မှု လုပ်ငန်းစဉ်များ အားလုံး ပြီးဆုံးသွားပြီ ဖြစ်ကြောင်းသိရသည်။

အဆိုပါ ထိန်ပင်အမှိုက်ပုံကို ၂ဝဝ၁ ခုနှစ်ခန့်က စတင်ထားရှိ ခဲ့ကာ ယခုအခါ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ နေ့စဉ်ထွက်ရှိ သည့် အမှိုက်တန်ချိန် ၂၅ဝဝ အနက်မှ တန်တစ်ထောင်ကို ယင်း အမှိုက်ပုံတွင် နေ့စဉ်လာရောက် စွန့်ပစ်လျက်ရှိသည်။

အမှိုက်ပုံသည် ဧက ၃ဝဝ ခန့်ရှိပြီး ယင်းတို့အနက် ဧက တစ်ရာခန့်လောင် ကျွမ်းခြင်းဖြစ်ရာ မီးသတ်တပ်ဖွဲ့ဝင်များနှင့် အတူ ပူးပေါင်းအဖွဲ့များက ရေကိုအဓိကထား ငြှိမ်းသတ်ခဲ့သည့် အပြင် လိုအပ်သည့်နေရာများတွင် Bio Foam (အမြှုပ်ဆေးရည်) ကိုလည်း အသုံးပြုငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

Credit - ပြန်ကြားရေးဝန်ကြီးဌာန
The Ladies News

No comments:

Post a Comment