Wednesday, May 9, 2018

အမှန်တရားတွေ ထောင်ကျမသွားဖို့ပဲလိုတယ် ဟု ဒုရဲမှူး​ဟောင်း မိုးရန်​နိုင်​​ပြော


ရဲစည်းကမ်းဖောက်ဖျက်မှုဖြင့်  ထောင်ဒဏ်တစ်နှစ်ချမှတ်ခံခဲ့ရသည့် ဒုရဲမှူး​ဟောင်း မိုးရန်​နိုင်​​က “အမှန်တရားတွေထောင်ကျမသွားဖို့ပဲလိုတယ်”ဟု မေလ ၉ ရက်နေ့ ရုံးထုတ်တွင် ​ပြောဆိုခဲ့သည်​။

ရိုက်​တာသတင်း​ထောက်​နှစ်​ဦးအမှုနှင့်​ပတ်​သက်​ပြီး ​မေလ ၉ ရက်​၊ နံနက်​ပိုင်း၊ ရန်​ကုန်​​မြောက်​ပိုင်းခရိုင်​တရားရုံးတွင်​ ရိုက်​တာသတင်း​ထောက်​ ၂ ဦးကို ၁၇ ကြိမ်​​မြောက်​ ရုံးထုတ်​ခဲ့ပြီး တရားလိုပြသက်​​သေ ဒုရဲမှူး​ဟောင်းမိုးရန်နိုင်အား ယုံကြည်​ရသည့်​ သက်​​သေအဖြစ်​​ ဆက်​လက်​ စစ်​​ဆေးခဲ့သည်​။

ထို့သို့စစ်​​ဆေးခဲ့ရာ ​နေ့လည်​ထမင်းစားနားချိန်​ တရားခွင်​မှ အထွက်​တွင်​ ဒုရဲမှူး​ဟောင်းမိုးရန်နိုင်က ​ပြောဆိုခဲ့ခြင်းဖြစ်​သည်​။

"ကျွန်တော်ကို ထောင်ချလိုက်တာဟာ နောက်ထပ်ပေါ်ထွက်လာမယ့် ရဲတပ်ဖွဲ့ဝင်တွေရဲ့ အမှန်တရားကိုခြိမ်းခြောက်လိုက်တာပဲလို့ ကျွန်တော်မြင်ပါတယ်ဗျာ။ အမှန်တရားတွေ   ထောင်ကျမသွားဖို့ပဲ လိုပါတယ်"ဟု ​ပြောသည်​။

ယ​နေ့ ​မေလ ၉ ရက်​ရုံးချိန်းတွင်​ ဒုရဲမှူး​ဟောင်းမိုးရန်နိုင်​က တရားလိုပြသက်​​သေအဖြစ်​လာ​ရောက်​ထွက်​ဆိုရာတွင်​ အကျဉ်းသားဝတ်​စုံ၊ ​လက်​ထိပ်​​၊ ​ခြေကျင်းဖြင့်​ လာ​ရောက်​ထွက်​ဆိုခဲ့သည်​ကို​တွေ့ရသည်​။

ဒုရဲမှူးမိုးရန်​နိုင်​အား ပြီးခဲ့သည့်​ ဧပြီလ ၃ဝ ရက်​​နေ့တွင်​ ရဲတရားရုံးမှ  ရဲစည်းကမ်းဖောက်ဖျက်မှုဖြင့်  ထောင်ဒဏ်တစ်နှစ်ချမှတ်ခဲ့ခြင်းဖြစ်​​သည်​။

ဒုရဲမှူး မိုးရန်နိုင်က အမှတ်(၈)လုံခြုံရေးရဲတပ်ဖွဲ့ခွဲတွင် ​တာဝန်ကျနေစဉ် ​ ရိုက်တာသတင်းဌာနမှ သတင်းထောက်ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ကို တွေ့ဆုံပြီး အင်တာဗျူးဖြေပေးခဲ့ခြင်းကြောင့် ယခုကဲ့သို့ ထောင်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်​​ကြောင်းသိရသည်​။

နိုင်ငံတော်လျှို့ဝှက်ချက်များအက်ဥပဒေဖြင့် တရားစွဲဆိုခံထားရသည့် ရိုက်တာသတင်းသမားနှစ်ဦး​အမှုတွင် ဒုရဲမှူး မိုးရန်နိုင်က အစိုးရတရားလိုပြသက်သေအဖြစ် ခရိုင်​တရားရုံး၌ ဧပြီလ ၂ဝ ရက်​​နေ့က လာ​ရောက်​ထွက်ဆိုခဲ့သည်။

 ယင်းကဲ့သို့ ​ဒုရဲမှူးမိုးရန်​နိုင်​က တရားလိုပြအဖြစ်​ လာ​ရောက်​ဆိုခဲ့ရာတွင်​ ရိုက်တာသတင်းသမားနှစ်ဦး​ကို ထောင်ချောက်ဆင်ဖမ်းဆီးခဲ့ခြင်းဖြစ်​ကြောင်း၊ ထိုသို့ ​ထောင်​​ချောက်​ဆင်​ ဖမ်းဆီးနိုင်​ရန်​အတွက်​ ​​ရဲမှူးချုပ် တင်ကိုကိုက ဦးစီးကွပ်​ကဲခဲ့ခြင်းဖြစ်​​ကြောင်း ထွက်​ဆိုခဲ့သည်​။

Mizzima - News in Burmese

No comments:

Post a Comment