Monday, May 7, 2018

မွန်လူမျိုးအလိုက် နိုင်ငံရေးဆွေးနွေးပွဲတွင် နိုင်ငံရေးကဏ္ဍ ဆွေးနွေးရအခက်ဆုံးဟုဆို


မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေး နွေးပွဲတွင် နိုင်ငံရေးကဏ္ဍသည် ဆွေးနွေးရအခက်ဆုံးဖြစ်ကြောင်း ဆွေးနွေးပွဲကျင်းပရေးကော်မတီ အတွင်းရေးမှူး မင်းအောင်ထူးက ပြောသည်။

မွန်လူမျိုးအလိုက် အမျိုး သားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကို မေလ ၅ ရက်ကစတင်၍ မွန် ပြည်နယ် ရေးမြို့၌ ကျင်းပခဲ့ပြီး ယမန်နေ့က ဆွေးနွေးပွဲဒုတိယနေ့ အပြီးတွင် ကျင်းပရေးကော်မတီ က သတင်းစာရှင်းလင်းရာ မင်း အောင်ထူးက ယင်းသို့ပြောကြား သည်။

‘‘ဆွေးနွေးတဲ့ကဏ္ဍထဲမှာ နိုင်ငံရေးကဏ္ဍက အခက်ဆုံးဖြစ် တယ်။ သူ့ရဲ့ အဆိုပြုချက်တွေ လည်း အများဆုံးဖြစ်တယ်။ ခက် ခဲတယ်ဆိုတဲ့ဟာက အားလုံးက ဒီအပေါ်မှာ အာရုံပိုရှိတယ်။ နိုင်ငံ ရေးကဏ္ဍမှာ အဖြေထွက်မှ ကျန် တဲ့ကဏ္ဍမှာ ဆက်စပ်ပြီးမှ ချိတ် ဆက်ပြီးတော့ မူဝါဒတွေ ပြုစုစဉ်း စားရမှာဖြစ်တဲ့အတွက် ဒီကဏ္ဍ မှာ အားလုံးရဲ့ အာရုံစိုက်မှုက များတယ်’’ဟု မင်းအောင်ထူးက ပြောသည်။

နိုင်ငံရေးကဏ္ဍတွင် အချုပ် အခြာအာဏာ၊ အမျိုးသားတန်း တူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ပြည်ထောင်စုနှင့် ပြည်နယ်ဖွဲ့ စည်းမှု၊ ပြည်ထောင်စုနှင့် ပြည် နယ်များအကြား အာဏာခွဲဝေ ခြင်း စသည်တို့ပါဝင်သည်။

မွန်လူမျိုးအလိုက် အမျိုး သားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ တွင် နိုင်ငံရေး၊ လူမှုရေး၊ စီးပွား ရေး၊ မြေယာနှင့် သဘာဝပတ်ဝန်း ကျင်ဆိုင်ရာ မူဝါဒများဟူ၍ ကဏ္ဍလေးရပ်ကို ကဏ္ဍအလိုက် ဆွေးနွေးရာ ဆွေးနွေးပွဲဒုတိယ နေ့၌ ကဏ္ဍအလိုက် ဆွေးနွေးမှု ပြီးပြတ်ခဲ့၍ ယနေ့ (မေလ ၇ရက်) ဆွေးနွေးပွဲနောက်ဆုံးနေ့တွင် ညီလာခံကိုယ်စားလှယ်အားလုံး ၏ သဘောထားရယူမည်ဟု ကျင်းပရေးကော်မတီက ဆိုသည်။

‘‘အားလုံးရဲ့ အမြင်သဘော ထားကို ကိုယ်စားပြုမှုတွေရဖို့ ကဏ္ဍတစ်ခုချင်းစီက ဆွေးနွေး ထားတဲ့ စာတမ်းတွေကို တခြား သောကဏ္ဍမှာ တက်ရောက်လာ တဲ့ ကိုယ်စားလှယ်တွေကို တင်ပြ မယ်။ သူတို့ဆီက ဖြည့်စွက်အကြံ ပြုချက်တွေကို ပြန်ပြီးတော့ ယူ မယ်’’ဟု မင်းအောင်ထူးက ပြော သည်။

မွန်ပြည်သစ်ပါတီ (NMSP) သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးပြီးနောက် ပထမဆုံးအကြိမ် တရားဝင်ပြု လုပ်သည့် မွန်နိုင်ငံရေး ဆွေးနွေး ပွဲသို့ မွန်လက်နက်ကိုင်အဖွဲ့၊ မွန် နိုင်ငံရေးပါတီနှင့် မွန်ပြည်သူလူ ထုတို့ပါဝင်ပြီး ညီလာခံကိုယ်စား လှယ် ၅၀၀ တက်ရောက်နေသည်။

7Day

No comments:

Post a Comment