Tuesday, May 8, 2018

ယနေ့ နိုင်ငံတော်အခြေအနေ၏ နယ်ပယ်အသီးသီးကို အားမလို အားမရပဲ စိုးရိမ်ပူပန်နေရဟု ပြည်ခိုင်ဖြိုးပါတီ မှ ဦးခင်ရီ ပြော


ယနေ့ နိုင်ငံတော်အခြေအနေ ၏ နယ်ပယ်အသီးသီးကို အားမလို အားမရပဲ စိုးရိမ်ပူပန်နေရကြောင်း ပြည်ခိုင်ဖြိုးပါတီမှ ဗဟိုအလုပ်အမှုဆောင် ဦးခင်ရီ က ပြောကြားလိုက်သည်။

မေ ၇ ရက် က ရန်ကုန်တိုင်း ဒေသကြီးတွင် ကျင်းပပြုလုပ်ခဲ့သည့် ပြည်ခိုင်ဖြိုးပါတီ လူငယ်ညီလာခံ အကြို လူငယ်နှီးနှောဖလှယ်ပွဲ အခမ်းအနား ၌ ၄င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

’’ကနေ့ နိုင်ငံတော်ရဲ့ အခြေအနေဟာ အားလုံးသိတဲ့ အတိုင်းပါပဲ။ အားမရပါဘူး။ အားမရပါဘူး။ နိုင်ငံရေးကိုပဲ ကြည့်ကြည့် တရားဥပဒေစိုးမိုးရေးကိုပဲ ကြည့်ကြည့် နိုင်ငံတကာ ဆက်ဆံရေးကိုပဲ ကြည့်ကြည့် အားလုံးဟာ စိုးရိမ်ပူပန်နေရပါတယ်။ ဖြစ်စဉ်တွေရှိပါတယ်။ လေ့လာ ကြည့်ရင် သိပါတယ်။ စာစကားနဲ့ပြောရရင် ထီးသုဉ်းနန်းသုဉ်း မြို့သုဉ်းသုည သုဉ်းသုံးဝဖြင့် ဖြစ်လာရလေ ဒို့တစ်တွေသည် သေသော်မှတည့် သြော် ကောင်း၏ ဆိုသလိုပါပဲ။ ငါ့ဘုရင် ငါ့အရှင်များ ဖမ်းသွားတော့မလား စိုးရိမ်နေရတဲ့ အချိန်ဖြစ်တယ်’’ဟု ဦးခင်ရီ က ပြောသည်။

ပြည်ခိုင်ဖြိုးပါတီ သည် အတိုက်အခံ ဖြစ်နေကြောင်း သို့သော် အစိုးရကို အတိုက်အခံ လိုက်လုပ်နေခြင်း မဟုတ်ဘဲ ပြည်ခိုင်ဖြိုးပါတီသည် အစိုးရ ရာထူးနေရာများတွင် လုပ်ဖူးသူများဖြစ်၍ ကိုယ်ချင်းစာစိတ်ရှိကြောင်း သို့သော် ရည်ရွယ်ချက်ခြင်း မတူပါက နိုင်ငံတော်ကို ကြည့်ရမည်ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများ၏ အန္တိမ ရည်မှန်းချက်သည် ရွေးကောက်ပွဲ အောင်မြင်နိုင်ရေးဖြစ်ပြီး ပါတီကို ပြည်သူချစ်ရန် နှင့် ပြည်သူ နှင့် တစ်သားတည်းကျရန် လိုကြောင်း ဦးခင်ရီ က ဆိုသည်။

ထို့အပြင် ပြည်ခိုင်ဖြိုးပါတီ သည် ကမ္ဘာတည်သရွေ့ တည်တံ့ရန် စည်းရုံးရန် လိုကြောင်း၊ အချင်းချင်း ရန်ဖြစ်ရန် မလိုကြောင်း၊ ပြည်သူနှင့်တစ်သားထဲကျရန် ၀တ်ဆင်သည်က အစတူရန် လိုအပ်ကြောင်း ဦး ခင်ရီက ထပ်မံဆိုသည်။

မင်းသီဟန် (အကုန်သိသတင်းဌာန)

No comments:

Post a Comment