ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်တွင် မိုးဆက်တိုက်ရွာသွန်းနေခြင်းကြောင့် လူနေအိမ်အနီး၌ မြေပြိုကျမှုဖြစ်ပွားခဲ့ကြောင်း ဖလမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။
ဖလမ်းမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းနေသည်မှာ သီတင်းတစ်ပတ်ခန့် ကြာမြင့်နေပြီဖြစ်ပြီး မိုးရွာသွန်းမှုကြောင့် ဖလမ်းမြို့၊ ဗလိုင်ရပ်ကွက်နေ ဦးရွန်ရိုထန်း၏ အိမ်ရှေ့မြေသားနှင့် မြေထိန်းနံရံသည် ဇွန်လ ၁၁ ရက်နေ့ နံနက် ၅ နာရီခန့်က ပြိုကျခဲ့ကြောင်း နေအိမ်ပိုင်ရှင်များထံမှ စုံစမ်းသိရှိရသည်။
မြေထိန်းနံရံနှင့် မြေသားပြိုကျမှုကြောင့် လူအများထိခိုက်ဒဏ်ရာရရှိခြင်း မရှိကြောင်း၊ မြေသားများ ဆက်လက်ပြိုကျနေခြင်းကြောင့် မြေပြိုမှုဆက်လက် မဖြစ်ပေါ်စေရေး မိုးကာဖြင့် အုပ်ထားရကြောင်း ဦးရွန်ရိုထန်း၏ သားဖြစ်သူ ဦးလာလ်ဒင့်က ပြောကြားသည်။
“လူသွားလမ်းနဲ့ အိမ်အကြား မြေထိန်း နံရံ ၁၅ ပေ လောက် ပြိုကျသွားတယ်။ မြေပြိုမှုကြောင့် အိမ်တိုင်တစ်တိုင်ရဲ့ အုတ်မြစ်လည်းပေါ်သွားတယ်။ လူတွေတော့ အိမ်မှာပဲနေကြတယ်”ဟု ၎င်းက ဆိုသည်။
ပြိုကျသွားသည့် မြေထိန်းနံရံသည် ၂၀၁၅-၂၀၁၆ ခုနှစ်က ငွေကျပ်သိန်း ၇၀ အကုန်အကျခံကာ ယင်းအိမ်ပိုင်ရှင်က ကိုယ်ထူကိုယ်ထ တည်ဆောက်ခဲ့သည့် မြေထိန်းနံရံလည်းဖြစ်သည်။
ဖလမ်းမြို့နယ်အတွင်း မိုးရွာသွန်းမှုကြောင့် ၂၀၁၇ ခုနှစ်အတွင်းကလည်း ကျင်မွှာလ်ရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ မြေထိန်းနံရံ ပေ ၂၀ အမြင့်၊ အကျယ်ပေ ၆၀ ပြိုကျပျက်စီးခဲ့ပြီး လူနေအိမ်လေးလုံး ပြောင်းရွှေ့ရသည့် မြေပြိုမှုများဖြစ်ပွားခဲ့သည်။
The Voice

No comments:
Post a Comment