ထိုင်းနိုင်ငံ ဘုရားပွဲတခုမှာ အသက် ၁၂ နှစ်အရွယ် ကျောင်းသူတဦးကို အဓမ္မပြုကျင့်ခဲ့တဲ့ လက်ဝှေ့သမားတဦးကို ရဲတွေက ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဘန်ကောက်ပို့စ် သတင်းတပုဒ်မှာ ဇွန်လ ၂၇ ရက်နေ့က ဖော်ပြပါတယ်။
အသက် ၂၄ နှစ်အရွယ် အသဖွန် ဆီထောင် အမည်ရတဲ့ အဲဒီလက်ဝှေ့သမားကို ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်နေ့က ကလောင်တိုဝီခရိုင်ထဲက လက်ဝှေ့စခန်းမှာ ဖမ်းမိခဲ့တယ်လို့ နယ်မြေ ၄ ရဲဌာနခွဲမှ ဗိုလ်ကြီး မန်မန်နီယမ်းက ပြောပါတယ်။
အဓမ္မပြုကျင့်ခံခဲ့ရတဲ့ ကျောင်းသူ မိန်းကလေးရဲ့ မိခင်ဖြစ်သူက ရဲစခန်းမှာ အမှုဖွင့် တိုင်ကြားခဲ့ပြီးနောက်မှာ သူ့ကို ခုလိုဖမ်းဆီးနိုင်ခဲ့တာပါ။
ပြီးခဲ့တဲ့လက ဝတ်နာဖခိုင်ဒေသတွင်းမှာ ကျင်းပခဲ့တဲ့ လက်ဝှေ့ပွဲတခုမှာ အသဖွန်ဟာ မိန်းကလေးကို ဖျားယောင်းသွေးဆောင်ခဲ့ပြီး ဘုန်းကြီးကျောင်း အနောက်ဘက် အိမ်သာတွင်းမှာ အဓမ္မပြုကျင့်ခဲ့တာလို့ ဆိုပါတယ်။
ကျောင်းသူမိန်းကလေးက သူ့မှာ ကိုယ်ဝန်ရှိလာတယ်လို့ သံသယရှိခဲ့ပြီးနောက် မိခင်ကို ဒီအဖြစ်အပျက် ပြောပြခဲ့တာပါ။
မိခင်ဖြစ်သူက မိန်းကလေးကို ဆေးရုံခေါ်သွားပြီး စစ်ဆေးခဲ့ချိန်မှာတော့ သူ့မှာ ကိုယ်ဝန်ရှိမနေခဲ့ပါဘူး။
အဲဒီနောက် မိန်းကလေးရဲ့ မိခင်က အဲဒီလက်ဝှေ့သမားကို ရဲစခန်းမှာ အမှုဖွင့် တိုင်ကြားခဲ့တဲ့အတွက် ရဲစခန်းက ဖမ်းဝရမ်းထုတ်ခဲ့ပြီး လက်ရှိမှာတော့ လက်ဝှေ့သမား အသဖွန်ကို ဖမ်းမိခဲ့ပြီ ဖြစ်ပါတယ်။
သူဟာ ပြီးခဲ့တဲ့ ၂ဝ၁၅ ခုနှစ်ကလည်း သူငယ်ချင်းတယောက်နဲ့အတူ အသက် ၂ဝ အရွယ် မိန်းကလေးတဦးကို သူတို့နဲ့အတူ အရက်သောက်ဖို့ ဖျားယောင်းပြီး အဓမ္မပြုကျင့်ခဲ့မှုနဲ့ စုံစမ်း စစ်ဆေးခံနေရသူတဦးလည်း ဖြစ်တယ်လို့ ဆိုပါတယ်။
အသဖွန်ကတော့ ပြစ်မှုကျူးလွန်ခဲ့ခြင်း မရှိဘူးလို့ ငြင်းဆိုနေပြီး လက်ရှိမှာတော့ ဖမ်းဆီးထားကာ တရားရုံးမှာ အမှုရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။
DVB

No comments:
Post a Comment