Thursday, June 28, 2018

အောင်လအန်ဆန်းနှင့် ကန်ဟာဆီဂါဝါတို့၏ပွဲကြိုပြောစကား


စင်ကာပူအခြေစိုက်ကာ ကမ္ဘာ့ကိုယ်ခံပညာပေါင်းစုံ တိုက်ခိုက်ရေးပြိုင်ပွဲများ ကျင်းပနေသည့် One Championship က ကျင်းပမည့် Sprit of Warrior ပြိုင်ပွဲနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို ဇွန်လ ၂၇ ရက်နေ့က ရန်ကုန်မြို့ရှိ Pullman Hotal တွင် ကျင်းပခဲ့သည်။ သုဝဏ္ဏမိုးလုံ လေလုံအားကစားရုံ၌ ဇွန်လ ၂၉ ရက်နေ့တွင်ကျင်းပမည့် ယင်းပြိုင်ပွဲ၌ အောင်လအန်ဆန်းသည် မစ်ဒယ်ဝတ်တန်း ရွှေခါးပတ်ကာကွယ်ပွဲအဖြစ် ဂျပန်လက်ဝှေ့သမား ကန်ဟာဆီဂါဝါနှင့်ထိုးသတ်ရမည်ဖြစ်ရာ ၎င်းတို့နှစ်ဦး၏ ပွဲကြိုပြောကြားချက်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

အောင်လအန်ဆန်း 

ကျွန်တော်ဒီပွဲအတွက် အချိန်တွေအများကြီးယူပြီး လေ့ကျင့်ပြင်ဆင်ခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ ကမ္ဘာ့အကောင်းဆုံးတွေနဲ့ပဲ ထိုးသတ်ချင်ပါတယ်။ လေ့ကျင့်မှုပိုင်းကို သေချာပြုလုပ်ခဲ့ပြီး မြန်မာပြည်သူတွေ အားလုံးဂုဏ်ယူနိုင်ဖို့ ကြိုးစားနေပါတယ်။ ဒီပွဲမှာထိုးသတ်ရမယ့် ပြိုင်ဘက်အကြောင်းကိုလည်း လေ့လာထားပြီးပါပြီ။ သူက ချုပ်တဲ့နေရာမှာ အားသန်တဲ့အတွက် ကျွန်တော့်အနေနဲ့ ကျွန်တော်ထက်လူကောင်ကြီးတဲ့ လေ့ကျင့်ဖော်တွေနဲ့ ပြင်ဆင်ခဲ့ပါတယ်။ ကျွန်တော့်ပရိသတ်တွေ အားပေးလို့ကောင်းအောင်ထိုးသတ်သွားမှာပါ။ ဒီပွဲဟာ ကုလားကားတွေလို အချိန်ကြာကြာထိုးသတ်သွားမှာပါ။ အားပေးနေကြတဲ့ ပရိသတ်တွေအားလုံးကို အခုထက် ပိုအားပေးကြပါလို့ ပြောချင်ပါတယ်။ ဒီပွဲက အကောင်းဆုံးပွဲတစ်ပွဲဖြစ်မယ်လို့ ကတိပေးချင်ပါတယ်။ 

ကန်ဟာဆီဂါဝါ 

ကျွန်တော့်အနေနဲ့ ဝမ်းချန်ပီယံရှစ်နဲ့အခုမှ ပထမဆုံးထိုးသတ်တဲ့ပွဲဖြစ်ပါတယ်။ လက်ရှိမှာလည်း ခြောက်ပွဲအထိထိုးသတ်ဖို့ စာချုပ်ချုပ်ဆိုထားပါတယ်။ ကျွန်တော့်အနေနဲ့ အောင်လနဲ့ထိုးသတ်ဖို့အတွက် ပြင်ဆင်ချိန် ငါးပတ်လောက်ရခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ ဒီပွဲနဲ့ပတ်သက်ပြီး အကောင်းဆုံးရလဒ်ရဖို့ ကြိုးစားထိုးသတ်မှာပါ။ ပွဲနဲ့ပတ်သက်ပြီးတော့ ကြိုးဝိုင်းထဲ မရောက်မချင်း ဘာမှကြိုပြောလို့မရပါဘူး။ 

စည်သူအောင်မျိုးကျော်
The Voice

No comments:

Post a Comment