Monday, June 11, 2018

မကွေး-ကန်ပြား-နေပြည်တော်လမ်းရှိ ချောင်းရေကျော်များတွင် ရေစီးအလွန်သန်နေသဖြင့် ခရီးသည်တင်ယာဉ်အများစု နေ့တစ်ဝက်ကျော် စောင့်ဆိုင်းခဲ့ရပြီး ယင်းသို့စောင့်ဆိုင်းနေရစဉ် လူနာတင်ယာဉ်တစ်စီးပေါ်၌ မွေးလူနာတစ်ဦး ကလေးအသေမီးဖွား



မကွေးတိုင်းဒေသကြီးအတွင်း ဇွန် ၉ ရက်မှစ၍ မိုးအဆက်မပြတ် ရွာသွန်းနေမှုကြောင့် မကွေး-ကန်ပြား-နေပြည်တော်ကားလမ်း မကွေးနှင့် မြို့သစ်မြို့အကြားရှိ ချောင်းရေကျော်များတွင် ဇွန် ၁၁ ရက် နံနက် ၂ နာရီမှ ညနေ ၃ နာရီကျော်အထိ ခရီးသည်တင်ယာဉ်အများစုနှင့် မိသားစုခရီးသွားကားများ ရပ်တန့်စောင့်ဆိုင်းနေခဲ့ရပြီး ယင်းသို့ စောင့်ဆိုင်းနေရစဉ် လူနာတင်ယာဉ်တစ်စီးပေါ်မှ မွေးလူနာတစ်ဦး ကလေးအသေ မွေးဖွားခဲ့ကြောင်း သိရသည်။

မကွေး-ရန်ကုန်နှင့် မကွေး-နေပြည်တော် ပြေးဆွဲသည့် ခရီးသည်တင်ယာဉ်အများစုသည် အဆိုပါကားလမ်းမှ အများဆုံး မောင်းနှင်လေ့ရှိကြောင်း ဇွန် ၁၀ ရက် ညပိုင်းမှစ၍ မကွေးမြို့နှင့် မြို့သစ်မြို့အကြားရှိ ချောင်းများတွင် ရေပမာဏများစွာ စီးဆင်းနေမှုကြောင့် ရန်ကုန်မှ မကွေးသို့ ဇွန် ၁၁ ရက် နံနက်စောပိုင်းက ၀င်ရောက်ရမည့် ခရီးသည်တင်ယာဉ်များ မွန်းလွဲပိုင်းအထိ ရပ်တန့် စောင့်ဆိုင်းနေရကြောင်း ယင်းလမ်းပိုင်းမှ မကွေး-ရန်ကုန်နှင့် မကွေး-နေပြည်တော် ခရီးသည်တင်ယာဉ်များသာမက စလင်း၊ ဆင်ဖြူကျွန်း၊ ပွင့်ဖြူ၊ မင်းလှ၊ မင်းဘူး၊ စကုမြို့များမှ ရန်ကုန်၊ နေပြည်တော်သို့ ပြေးဆွဲသည့် ခရီးသည်တင်ယာဉ်အများစုလည်း ဖြတ်သန်းလေ့ရှိကြောင်း မကွေးမှ ရန်ကုန်သို့ ဇွန် ၁၁ ရက် ညနေပိုင်းတွင် ထွက်ခွာရမည့် ခရီးသည်တင်ယာဉ်များအတွက်လည်း အဆိုပါ လမ်းပိုင်းမှဖြတ်သန်းရန် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း သိရသည်။

အဆိုပါကဲ့သို့ ကားများပိတ်မိနေချိန်တွင် မြို့သစ်မြို့မှ မကွေးမြို့သို့ သယ်ဆောင်လာသည့် ကိုယ်ဝန်ဆိပ်သင့်နေသော လူနာတစ်ဦးက ကလေးတစ်ဦး အသေမွေးဖွားခဲ့ကြောင်း ချောင်းရေကူးနိုင်ရန် စောင့်ဆိုင်းနေခဲ့သည့် ခရီးသည်တင် Express ကားများပေါ်တွင် လိုက်ပါလာခဲ့သည့် ဆရာဝန်များနှင့် ပြည်သူများ ၀ိုင်းဝန်းကူညီပေးခဲ့မှုကြောင့် လူနာမိခင်၏အသက်ကို ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။

ရန်ကုန်မှ မကွေးသို့ ပြန်လာစဉ် ချောင်းရေကျော်တွင် စောင့်ဆိုင်းနေခဲ့ရသည့် ဒေါက်တာ ညီညီအောင်က “ကျွန်တော်တို့ကားတွေ ပိတ်မိနေတုန်း ကျွန်တော်တို့စီးလာတဲ့ကားပေါ်ကို “ဆရာဝန်တွေပါလား” ဆို လာမေးပြီး အကူအညီတောင်းပါတယ်။ အရေးပေါ် လူနာတင်ယာဉ်ပေါ်မှာ အမျိုးသမီး မီးဖွားလူနာတစ်ယောက် ကလေးမွေးရင်း အခက်အခဲဖြစ်နေလို့။ ကားကလည်း ရေကျော်ကို ဖြတ်လို့မရဘူး။ ကျွန်တော်တို့က ၈ နာရီခွဲ ခိုင်မန္တလေးကား။ အဲဒီအပေါ်မှာ ဆရာဝန်တွေ အများကြီးပဲ။ ရှေ့ဆုံးမှာက OG တွေပါရှိတယ်။ အဲဒီမှာ တချို့တွေ ဆင်းလိုက်သွားကြတယ်။ ခိုင်မန္တလေး ၈ နာရီကားမှာလည်း ဆရာဝန်တွေ OG တွေပါပါတယ်။ ခဏနေတော့ ကျွန်တော်တို့ကားပေါ်က ဓာတ်မှန်ဆရာဝန်ကြီးပါ ဆင်းသွားပြီး ပြန်လာတယ်။ ပြန်လာတော့ အမျိုးသမီးကို ဆီးခြူချင်လို့ ဆီးခြူပိုက်အဖြစ်သုံးဖို့ အချိုရည်စုပ်တဲ့ ပိုက်ကလေးတွေရှိလားဆိုတော့ ကျွန်တော်တို့ ကားတွေမှာလိုက်မေးပြီး လူနာတင်ယာဉ်နားကို ကျွန်တော်က ရောက်သွားတယ်” ဟု ပြောကြားသည်။

ဒေါက်တာညီညီအောင်က ဆက်လက်၍ “အဲဒီမှာ လူနာက ဆရာဝန်တွေရောက်တဲ့ အချိန်မှာ အသေမွေးပြီးသွားပြီ။ အဲဒီမှာ ဆရာဝန်တွေက အချင်းကို ချပေးတယ်။ လူနာရဲ့ပြဿနာက မြို့သစ်ကနေ မကွေးကိုလွှဲတာက ကိုယ်ဝန်ဆိပ်တက်ပြီး တက်နေတဲ့ လူနာမလို့ပါ။ လူနာက ဆီးအိတ်ကြီး တင်းနေပြီးတော့ သွေးသွန်နိုင်တဲ့ အနေအထားမျိုး ရှိပါတယ်။ အခြားဆရာဝန်တွေက သွေးကျဆေးရှာပေးသူတွေက ပေးကြတယ်။ ပိုးသတ်ဆေးတွေ ရှာသူကလည်း ရှာပေးကြတယ်။ လူနာက ကံကောင်းတာက သွေးသွန်တာလည်း မရှိဘဲ၊ အတက်လည်း ကျသွားခဲ့ပါတယ်။ နောက်ကားပေါ်က လူတစ်ယောက်က မကွေးတိုင်းဆေးရုံကြီးကို လိုအပ်မယ့်ဆေးတွေ လှမ်းမှာတော့ လာပို့ပေးခဲ့ပါတယ်” ဟု ပြောကြားသည်။

“ကျွန်တော်သိရသလောက်တော့ ဇွန် ၁၁ ရက် မွန်းလွဲပိုင်းအထိ အဝေးပြေးကားကြီးကွင်းထဲမှာ ကားအ၀င်အထွက်တွေ ပါးလွန်းပြီး ခြောက်ကပ်နေပါတယ်။ ကားအများစုက ကန်ပြားလမ်းကပဲသွားကြတော့ အဲဒီမှာ အကုန်သွားပြီး ဘလော့ဖြစ်နေတာပါ။ လူတွေကိုကူးခိုင်းပြီး ဒီဘက်က ကားတွေနဲ့ သွားကြိုဖို့ကလည်း ရေကများလွန်းနေတော့ လူလွတ်ကို ကူးရဲဖို့ မလွယ်ပါဘူး” ဟု မကွေးမြို့ မထသဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောကြားသည်။

မကွေးမြို့မှ ဦးစံလင်းထွန်းက “ကျွန်တော်တို့က မနေ့ကညနေက ရန်ကုန်က ပြန်လာတော့ ကန်ပြားလမ်းကချောင်းတွေ ရေကျနိုင်တာသိလို့ အမြန်လမ်းကအဆင်းမှာ ကန်ပြားလမ်းဘက်မဆင်းဘဲ ကျောက်ပန်းတောင်းဘက်က လှည့်မောင်းလာခဲ့တာပါ။ အခုမနက်မှာ ကားတွေပိတ်မိနေတဲ့နေရာကို သွားကြည့်တော့ ရန်ကုန်ဘက်က အ၀င်ကားတွေနဲ့ အခြားကားတွေ အစီး ၁၀၀ ကျော်လောက် ပိတ်မိနေတာ တွေ့ခဲ့ရပါတယ်” ဟု ဆိုသည်။

မကွေးမြို့နှင့် မြို့သစ်မြို့အကြား ဖိုလေးလုံးကျေးရွာအနီးရှိ လိပ်ကန်းချောင်းရေကျော်တွင် ကားအများစု ပိတ်မိနေကြောင်း မြို့သစ်မြို့အနီး ကန်ပြား-နေပြည်တော်ကားလမ်းတွင် ချောင်းတစ်ခုကို တံတားတည်ဆောက်ဆဲ ဖြစ်သောကြောင့် ထိုတံတားအောက်မှ ယာယီလမ်းတွင်လည်း ချောင်းရေများစီးဆင်းနေကြောင်း ရေစီးနေသောကြောင့် သွားလာရေးများ ယာယီရပ်တန့်ထားရကြောင်း ဒေသခံများထံမှ သိရသည်။

အောင်သူငြိမ်း
Eleven Media Group

No comments:

Post a Comment