Monday, June 11, 2018

ကော့မှူးမြို့နယ်တွင် ပြုလုပ်မည့် ရင်းနှီးမြှုပ်နှံမှုကြီးမားသော ဘက်စုံသုံးဆိပ်ကမ်းလုပ်ငန်းစီမံကိန်း အစီရင်ခံစာမှာ မပြည့်စုံသဖြင့် ပြန်တင်ရန် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ ပြောကြား


ကော့မှူးမြို့နယ်တွင် ပြုလုပ်မည့် ရင်းနှီးမြှုပ်နှံမှုကြီးမားသော ဘက်စုံသုံးဆိပ်ကမ်းလုပ်ငန်းစီမံကိန်း အစီရင်ခံစာမှာ ပြည့်စုံမှုမရှိသဖြင့် ပြန်တင်ရန် ရန်ကုန်တိုင်းလွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပေးပို့ထားသော ကော့မှူးမြို့နယ် သရက်တောကျေးရွာတွင် Multipurpose Terminal ဆိပ်ကမ်းတည်ဆောက်ရန် လုပ်ငန်းစီမံကိန်း အစီရင်ခံစာကို ဇွန် ၁၁ ရက်တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၄၃ ရက်မြောက်နေ့) တွင် လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

“တင်ပြတဲ့အစီရင်ခံစာကို လေ့လာကြည့်တဲ့အခါမှာ အဆိုပြုတင်ပြချက်အကျဉ်းဆိုတဲ့ ခေါင်းစဉ်နဲ့အညီ စာသားအနေနဲ့ ငါးမျက်နှာ၊ ပုံအနေနဲ့ ခုနစ်မျက်နှာ အားလုံးပေါင်း ၁၂ မျက်နှာပဲ တွေ့ရပါတယ်။ ငါးမျက်နှာပါတဲ့စာသားမှာ စီမံကိန်းကို ဘာကြောင့် အကောင်အထည် ဖော်သင့်သလဲဆိုတဲ့ Why ပေါ့။ ဆိပ်ကမ်းကို ဘယ်လိုအသုံးပြုမှာလဲဆိုတဲ့ How၊ ဒီစီမံကိန်းအတွက် လက်ရှိဘာတွေ လုပ်ထားပြီးပြီလဲဆိုတဲ့ What ဆိုတာကို ရေးထားပါတယ်။ အဲဒီလိုရေးထားတဲ့နေရာမှာ အပြည့်အစုံမဟုတ်ဘဲနဲ့ အချက်အလက် အချို့ကိုပဲ တင်ပြထားတာ တွေ့ရပါတယ်” ဟု သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ပြောကြားသည်။

ထို့ပြင် ကြီးမားသည့် စီမံကိန်းဖြစ်သည့်အတွက် မည်သူများက မည်သို့ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း၊ စီမံကိန်းမှာ မည်မျှကုန်ကျနိုင်ပြီး စီမံကိန်းအချိန် မည်မျှကြာမည်တို့ကို ထည့်သွင်းစဉ်းစားသင့်ကြောင်းနှင့် လက်ရှိ အစီရင်ခံစာမှာ ပြည့်စုံသည့် အချက်မရှိသဖြင့် အချက်အလက် အလုံအလောက်တင်ပြပြီး ထပ်မံဆွေးနွေးသင့်ကြောင်း ၎င်းက ဆိုသည်။

အလားတူ ကျောက်တံတားမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက “အခုတင်ပြတဲ့ အစီရင်ခံစာဟာ ကျွန်မတို့ Physical Study တောင်မှပဲ ပထမအဆင့် ပဏာမအဆင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီစီမံကိန်း ဖြစ်နိုင်ခြေ မဖြစ်နိုင်ခြေကလည်း မသေချာသေးပါဘူး။ ဒါကြောင့် ကျွန်မတို့အနေနဲ့တော့ ဒီစီမံကိန်းရဲ့ Project Plan တွေ၊ Business Model တွေ၊ Tender Process စတာတွေကို အသေးစိတ် မဆွေးနွေးတော့ပါဘူး။ အစိုးရအနေနဲ့လည်း အသေးစိတ် တွက်ချက်ထားတာတွေ မရှိလောက်သေးပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီနေရာမှာ လုပ်သင့်မလုပ်သင့် စဉ်းစားနေရတဲ့ အနေအထားမျိုးပဲ ရှိဦးမှာပါ” ဟု ပြောကြားသည်။ အဆိုပါ စီမံကိန်းအစီရင်ခံစာနှင့် ပတ်သက်ပြီး တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ၁၁ ဦးက ဆွေးနွေးခဲ့သည်။

ပြည့်ဖြိုးအောင်၊ ဆန်းထူးအောင်
Eleven Media Group

No comments:

Post a Comment