Monday, June 11, 2018

ရုရှားအပေါ် ကန်ဒဏ်ခတ်ပိတ်ဆို့မှု ထပ်ချ


ရုရှားထောက်လှန်းရေးလုပ်ငန်းအတွက် အထောက်အကူဖြစ်စေမယ့် ပစ္စည်းတွေနဲ့ နည်းပညာတွေ ပေးဖို့အတွက် မသမာတဲ့ ကွန်ပြူတာ ဆိုင်ဘာလှုပ်ရှားမှုတွေ လုပ်ခဲ့တယ်လို့ စွပ်စွဲပြီးရုရှားက ကုမ္ပဏီ ၅ ခု နဲ့ လူပုဂ္ဂိုလ် ၃ ဦးကို အမေရိကန်ပြည်ထောင်စုက တနင်္လာနေ့က အရေးယူ ဒဏ်ခတ်လိုက်ပါတယ်။

ဒီအရေးယူ ဒဏ်ခတ်လိုက်တဲ့ ကုမ္ပဏီတွေနဲ့ လူပုဂ္ဂိုလ်တွေဟာ ရုရှားထောက်လှန်းရေး RFFS နဲ့ လက်တွဲ လုပ်ဆောင်ရင်း ရုရှားရဲ့ ကွန်ပြူတာ ဆိုင်ဘာ ဆိုင်ရာနဲ့ ရေအောက်စွမ်းဆောင်ရည် ဆိုင်ရာ တိုးတက်မှုတွေရဖို့ တိုက်ရိုက်ဖြန့်ဝေပေးခဲ့ တဲ့အတွက် အမေရိကန်ပြည်ထောင်စုနဲ့ အမေရိကန်ရဲ့ မဟာမိတ်တွေရဲ့ လုံခြုံစိတ်ချရမှုကို ပျက်ပြားစေနိုင်တယ်လို့ ဘဏ္ဍာရေးဝန်ကြီး Steven Mnuchin ကပြောပါတယ်။

အခုလို အရေးယူ ဒဏ်ခတ်မှုဟာ မကြာသေးခင်ကပဲ အမေရိကန်က ရုရှားအပေါ်ပြသလိုက်တဲ့ သဘောထား နဲ့ ဆန့်ကျင်နေတာပါ။

အမေရိကန်က ရုရှားလုပ်ဆောင်ချက်တွေ အပေါ် အရေးယူဒဏ်ခတ်မှုတွေ အသီးသီးချမှတ်ခဲ့ရာကနေ ပြီးခဲ့တဲ သီတင်းပတ်ထဲမှာတော့ သမ္မတ Donald Trump က ရုရှားကို G- 7 စက်မှု ထိပ်သီး ၇ နိုင်ငံ အဖွဲ့ထဲ ပြန်လည်လက်ခံဖို့ အကြံပြုခဲ့ပါတယ်။ ၂၀၁၄ မှာ ရုရှားက ယူကရိန်းကို ကျူးကျော်သိမ်းပိုက်ခဲ့ပြီးတဲ့ နောက် ရုရှားကို G- 7 က ဝိုင်းကျဉ်ထားတာ ဖြစ်ပါတယ်။ ဒီအဖွဲ့ထဲ ပြန်လက်ခံဖို့ အပြင် ရုရှားသမ္မတ Vladimir Putin နဲ့ ထိပ်သီးဆွေးနွေးပွဲ ကျင်းပနိုင်ဖို့ပါ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

VOA

No comments:

Post a Comment