Ford ကားဝယ်ယူမှုနှင့် ပတ်သက်ပြီး ၀န်ကြီးချုပ်မှ ပြန်လည်ရှင်းလင်းမှုသည် ပိုမိုရှုပ်ထွေးစေပြီး ပွင့်လင်းမြင်သာမှုမရှိသဖြင့် ယခုကဲ့သို့ ဖြစ်ပွားရခြင်းဖြစ်ကြောင်း ဒဂုံမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောကြားသည်။
“၂၀၁၈ တင်တုန်းက ဧည့်ကြိုဖို့ဆိုပြီး တင်ခဲ့တယ်။ နိုင်ငံခြားဧည့်သည်တွေ ကြိုမယ်။ ၂၀၁၈-၂၀၁၉ ဘတ်ဂျက်ကျတော့ ပြန်တင်တယ်။ အန်ကယ်တို့ စီမံကိန်းဘဏ္ဍာရေးကော်မတီဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက ကန့်ကွက်တယ်။ ကန့်ကွက်တဲ့အခါကျတော့ ၀န်ကြီးက နောက်နေ့ရှင်းပြတယ်။ ရှင်းပြတဲ့အခါကျတော့ နိုင်ငံခြားသားကြိုဖို့တင်မကဘူး။ ၀န်ကြီးတွေပါစီးဖို့ ဖြစ်သွားပြီ။ အဲဒီကျမှ သိရတယ်။ အဲဒီကစပြီးတော့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ပွင့်လင်းမှုမရှိဘူး။ ဒီကားက ၀န်ကြီးများသုံးမယ့်ကား အဆောင်အရောင်ကားဖြစ်တယ်။ ဥပဒေအရ ပေးရမယ်။ ပေးရမယ်ဆိုသော်လည်းပဲ လက်ရှိဝန်ကြီးတွေရှိတဲ့ ကားတွေက သုံးမရဘူး။ သုံးမရရင် အကြီးစားပြင်လို့ရမလား။ အကြီးစားပြင်လည်း မရတဲ့အနေအထားဖြစ်နေရင် ဒါကြောင့် ကျွန်တော်တို့အစိုးရအဖွဲ့က ရပိုင်ခွင့် ကားလိုပါတယ်။ ၀န်ကြီး ဘယ်နှဦးအတွက် ကားဘယ်နှစီးလိုပါတယ်ဆိုရင် အတည်ပြုပေးရမယ်။ သို့သော်လည်း ပွင့်လင်းမှုမရှိဘူး။ ၀န်ကြီးချုပ်ကြီး ပြောတယ်။ ဒါဆို အစကတည်းက တိုင်းဒေသကြီးဘတ်ဂျက်က တင်နေလဲ။ ဒီကားတွေက ပြည်ထောင်စုက ခွင့်ပြုမယ်ဆိုရင်လည်း ပြည်ထောင်စုက တိုက်ရိုက်တင်ပါတော့လား။ အများကြီး ပြောစရာဖြစ်တယ်။ ၀န်ကြီးချုပ်ကြီးရှင်းမှ ပိုရှုပ်နေတဲ့ အနေအထား ဖြစ်နေတယ်” ဟု ၎င်းက ဆိုသည်။
၂၀၁၈ မီနီဘတ်ဂျက်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကား ၁၀ စီးဝယ်ယူရန် တင်ခဲ့ဖူးကြောင်း၊ ယင်းကဲ့သို့တင်ခဲ့စဉ်က ဧည့်ကြိုရန်ဟုဆိုကာ လွှတ်တော်သို့ တင်ခဲ့ခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးလွှတ်တော်မှ အတည်ပြုချက်ရရှိခဲ့သော်လည်း ပြည်ထောင်စုအစိုးရအဖွဲ့က ကား ၁၀ စီးကို ပယ်ချခဲ့ကြောင်း ဦးကျော်ဇေယျက ပြောကြားသည်။
ယခုကဲ့သို့ Ford ကားများ ၀ယ်ယူရန် ဆောင်ရွက်ရခြင်းသည် အဆောင်အယောင်အရ တိုင်းဒေသကြီး၏ ဘက်ဂျက်မှ ၀ယ်ယူရမည် မဟုတ်ကြောင်း၊ ပြည်ထောင်စု စီမံ/ ဘဏ္ဍာဝန်ကြီးဌာနမှ ချပေးရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် စီမံ/ဘဏ္ဍာဝန်ကြီးဌာနနှင့် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း၊ ပြည်ထောင်စုဝန်ကြီးဌာနဘက်မှ ဆောင်ရွက်ပေးနိုင်မည်ဆိုပါက အဆိုပါကားများကို ၀ယ်ယူရန် လိုအပ်တော့မည်မဟုတ်ကြောင်း၊ ကားများဝယ်ယူမည့်ငွေများကို တိုင်းဒေသကြီးအတွင်း လိုအပ်သည့် အခြားနေရာများတွင် သုံးစွဲခွင့်ရရှိမည်ဖြစ်ကြောင်း၊ ၀ယ်ယူရန် စီစဉ်ထားသည့် ကားများသည် အဆောင်အယောင် ကားများဖြစ်သည့်အတွက် ဗဟိုစက်ပစ္စည်း၊ စာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာန (CESID) မှ ကားထုတ်ပေးမည်ဆိုပါက ကားများဝယ်ယူရန် မလိုအပ်တော့ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အစိုးရကတင်သွင်းမည့် ဥပဒေဖြစ်ပြီး ယင်းဥပဒေကို တိုင်းဒေသကြီးလွှတ်တော်၏ ပုဒ်မ (၁၄၁) အရ ဥပဒေ ကြမ်းကို အတည်ပြုမည့်အချိန်မှသာ အများသဘောဆန္ဒဖြင့် အတည်ပြုရမှာဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် လျာထားချက်ကိုသာ တင်ပြခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဇွန် ၁၀ ရက်တွင် ပြောကြားသည်။
ဝန်ကြီးများကို အန္တရာယ်ကင်းကင်းနှင့် ကားတွေကိုစီးစေချင်ကြောင်း၊ လက်ရှိတွင် ၀န်ကြီးများသည် လိုင်းကားလည်း တိုးစီးခြင်း မရှိသကဲ့သို့ တက္ကစီစီးနေသည့် ၀န်ကြီးများလည်း မရှိကြောင်း၊ ကိုယ်ပိုင်ကားစီးနေသည့် ၀န်ကြီးများလည်းရှိကြောင်း၊ ခြိုးခြံချွေတာရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မှ ၀န်ကြီးဌာနများကိုပေါင်းပြီး ၀န်ကြီးတစ်ယောက်ကို ဌာနလေးခုကိုင်ခိုင်းကာ လုပ်ဆောင်နေသည့် အချိန်တွင် သက်တမ်းအားဖြင့် နှစ်နှစ်တာသာ ကျန်ရှိတော့သည့်အချိန်တွင် ကားများဝယ်ပြီးစီးဖို့ လိုအပ်သည်ဆိုပါက လွှတ်တော်၏ အဆုံးအဖြတ် ရယူမည်ဖြစ်ပြီး အားလုံးသဘောတူသည်ဆိုပါက ကျွန်မတို့ စီမံကိန်းကော်မတီမှလည်း သဘောတူမည်ဖြစ်ကြောင်း ဒေါ်စန္ဒာမင်းက ဇွန် ၄ ရက်တွင် ပြုလုပ်သည့် တိုင်းဒေသကြီးလွှတ်တော်တွင် ပြောကြားသည်။
ယင်းအပြင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ရုံးသုံးယာဉ်များဝယ်ယူရာတွင် Ford ကားတစ်စီးကို သိန်း ၁၀၀၀ ဖြင့် ၁၀ စီး သန်း ၁၀၀၀ အသုံးပြုရန် လိုအပ်ပါသလား၊ မြို့ပြအိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ပြည်သူ့လွှတ်တော်ဝင်း ဇာတ်သဘင်အဆောင်အား အဆင့်မြှင့်မွမ်းမံရန် ကျပ်သန်းပေါင်း ၉၅၅ ဒသမ ၈ သန်း တောင်းခံထားခြင်းသည် အဓိကထား လုပ်ဆောင်ရမည့် လုပ်ငန်းများဖြစ်ပါသလား၊ အစိုးရကားဝယ်ယူရေးနှင့် ဇာတ်သဘင်ဆောင် ပြုပြင်ရေးလုပ်ငန်းများ ကုန်ကျငွေအား မြို့နယ်များတွင် လိုအပ်နေသည့် လမ်းနှင့် မြောင်းများ ပြုပြင်ဖို့ သုံးစွဲပေးရန် တောင်းဆိုကြောင်း ဒေါ်ခိုင်မာဌေးက မေ ၃၁ ရက်တွင် ပြုလုပ်သည့် တိုင်းဒေသကြီးလွှတ်တော်တွင် ပြောကြားခဲ့သည်။
“ဘတ်ဂျက်ဆိုတာ ပြည်သူ့ဘဏ္ဍာဖြစ်လို့ ပြည်သူတွေလိုအပ်တဲ့ဟာကို အဓိကထား ရေးဆွဲရမှာဖြစ်ပါတယ်။ နှစ်စဉ် ဘတ်ဂျက်လို ငွေပြနေလို့ အင်မတန်မှ အလေးထားပြီး ရငွေတွေကို စိစိစစ်စစ်ကောက်ဖို့လိုသလို သုံးငွေတွေသုံးစွဲရမှာလည်း အစိုးရဘတ်ဂျက်လို့ မသတ်မှတ်ဘဲ မိမိပိုင်ငွေကို မိမိလိုအပ်သလိုမျိုးကို စိစစ်ဖို့ အင်မတန်မှ အရေးကြီးလှပါတယ်” ဟု ဒေါ်ခိုင်မာဌေးက ပြောကြားသည်။
ဆန်းထူးအောင်၊ ပြည့်ဖြိုးအောင်
Eleven Media Group
No comments:
Post a Comment