Monday, June 11, 2018

ရခိုင်ပြည်နယ်အတွင်း မိုးအဆက်မပြတ် ရွာသွန်းနေခြင်းကြောင့် အမ်း-မအီ ကားလမ်းပိုင်းပြတ်တောက်သွားသည့်အတွက် သွားလာရေး ရပ်ဆိုင်း


ရခိုင်ပြည်နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းနေခြင်းကြောင့် ရေတိုက်စားကာ အမ်း-မအီလမ်းပိုင်း ပြတ်တောက်သွားသဖြင့် သွားလာရေး ရပ်ဆိုင်းလျက်ရှိကြောင်း သိရသည်။

ရေတိုက်စားသဖြင့် ပြတ်တောက်ခဲ့သည့် လမ်းပိုင်းမှာ ပဒဲကြောကျေးရွာအနီး မိုင်တိုင်အမှတ် ၂၂ မိုင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လမ်းပြတ်တောက်နေကြောင်း သိရသည်။

အဆိုပါလမ်းမှာ ဇွန် ၁၁ ရက် နံနက်စောစောပိုင်းကတည်းက ပြတ်တောက်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် လက်ရှိတွင် မြေပြိုဆင်းနေဆဲဖြစ်ပြီး ပေ ၁၀၀ ခန့် လမ်းပြတ်သွားခဲ့ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ကားလမ်းပြတ်တောက်မှုကြောင့် အမ်းမြို့မှ မအီ-ကျောက်ဖြူ-ရမ်းဗြဲ-တောင်ကုတ်-သံတွဲမြို့များသို့ သွားလာ၍ မရဖြစ်နေကြောင်း သိရသည်။

“ကျွန်တော် မနက်ပိုင်းက သွားကြည့်တော့ တောင်ကျရေကြောင့် လမ်းပိုင်းပါသွားတာ ဖြစ်ပါတယ်။ အခုဆိုရင် ပေ ၁၀၀ လောက် ပြိုသွားပါပြီ။ အမ်းဘက်ခြမ်းမှာ ခရီးသည်ကား ၁၀ စီးလောက် တွေ့ခဲ့ရတယ်။ နောက်မအီဘက်ခြမ်းက ကားတွေတော့ ပြန်လှည့်သွားကြပြီ။ အခုလမ်းပိုင်းသွားတဲ့လမ်းက မအီ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ တောင်ကုတ်ဘက်က အမ်းကိုသွားတဲ့ လမ်းဖြစ်ပါတယ်။ ရန်ကုန်-စစ်တွေလမ်းတော့ မဟုတ်ပါဘူး” ဟု ကျောက်ဖြူမြို့တွင် နေထိုင်သည့် ကိုထွန်းကြွယ်က ပြောကြားသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အနှံ့အပြားတွင် မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနေသဖြင့် ရန်ကုန်-စစ်တွေ ကားလမ်းတောင်ပေါ် လမ်းအချို့တွင် မြေပြိုကာ လမ်းပိတ်ခြင်းများနှင့် မြို့ရွာတချို့တွင် ရေလျှံခြင်းများ ဖြစ်ပေါ်နေကြောင်းလည်း သိရသည်။

ယင်းနှင့်ပတ်သက်ပြီး ပဒဲကြောရွာမှ ဦးမောင်နီက “ပဒဲကြောရွာနဲ့ ဟင်းရွက်ရွာအကြားမှာရှိတဲ့ ရေပြွန်ကျိုးသွားတာပေါ့။ ရေပြွန်ကျိုးတော့ လမ်းကလည်း ထပ်ပြီးကျိုးသွားတာပေါ့။ အဓိကတော့ ပဒဲကြောဆည်က ရေလျှံလို့ ဖြစ်တာပေါ့။ လမ်းတစ်လျှောက်မှာလည်း လမ်းကို ရေကျော်နေတယ်။ အခုဆိုရင် ဟိုဘက်ဒီဘက် ကားအစီး ၆၀ လောက် ပိတ်မိနေတယ်။ တချို့ခရီးသည်တင်ကားဆိုရင် ခရီးသည်ကို ဟိုဘက်ဒီဘက်ပြောင်းဖို့တောင် မလွယ်ဘူး။ ရေက ပြင်းပြင်းနဲ့စီးနေတော့ သွားလို့ လုံးဝအဆင်မပြေတော့ဘူး။ ဆည်က ရေလျှံလာလို့ ဖြစ်တာပါ။ မိုးကလည်း အဆက်မပြတ် ရွာနေတော့ ရေပြွန်ပိုင်းသွားတဲ့အထိ ရေက ဆင်းလာတာ” ဟု ပြောကြားသည်။

ထို့ပြင် အမ်းမြို့နယ်အတွင်းရှိ လမ်းပိုင်း အများအပြားတွင် ရေကျော်နေပြီး မော်တော်ယာဉ်များ သွားလာမရကြောင်း၊ မိုးများခြင်းနှင့် တောင်ကျရေများခြင်းတို့ကြောင့် ထိုသို့ ဖြစ်နိုင်သည်ဟု ယူဆကြောင်း၊ ကားလမ်းများမှာလည်း နိမ့်သည့်အတွက် အလွယ်တကူ ရေကျော်နိုင်ကြောင်း ခရီးသည်တစ်ဦးက ပြောကြားသည်။

“ကျွန်တော်တို့အဲဒီ ရေပြွန်ကျိုးတဲ့နေရာကနေ ပြန်လာတာပေါ့၊ လမ်းပိုင်းအတော်များများမှာ ရေတွေကျော်နေတာကို တွေ့ရတယ်။ အခုဆိုရင် အမ်းမြို့နယ် မဲတောင်ရင်း ရွာအနီးမှာလည်း ကားတွေက ဖြတ်လို့မရဘူး ဖြစ်နေတယ်။ ရေက အရှိန်နဲ့ကျလာနေတော့ ကားတွေ ရပ်ထားရတယ်။ တချို့ကားတွေဆိုရင် အရဲစွန့်ပြီး မောင်းနှင်နေတာကိုလည်း တွေ့ရတယ်။ တချို့ကားတွေကတော့ မှောက်သွားမှာစိုးလို့ မဖြတ်ရဲဘူးဖြစ်နေတယ်။ ကားတစ်ဝက်လောက်အထိ ရေကနစ်နေတာ၊ လမ်းပိုင်းအများအပြားမှာ ရေကျော်နေတာကို တွေ့နေရတယ်” ဟု ကိုသိန်းဝင်းက ပြောကြားသည်။

သန်းလှိုင်၊ သားရွှေဦး (ကစ္ဆပ)
Eleven Media Group

No comments:

Post a Comment