Thursday, July 5, 2018

အဝေးသင်ဌာနခွဲများတွင် စီးပွားရေးပညာရပ်များ သင်ကြားမှုရပ်ဆိုင်း


အဝေးသင်ဌာနခွဲများတွင် စီးပွားရေးပညာနှင့် စီးပွားစီမံပညာရပ် သင်ကြားမှုများ ရပ်ဆိုင်းတော့မည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများအနေနှင့် သက်ဆိုင်ရာနယ်မြေရှိ စီးပွားရေး တက္ကသိုလ်များ၌သာ အဝေးရောက် တက်နိုင်မည်ဖြစ်ကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာနထံမှ သိရှိရသည်။

ထိုဆုံးဖြတ်ချက်သည် ယခုနှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး ယင်းဘာသာရပ် လျှောက်ထားသည့် ပထမနှစ် ကျောင်းသား၊ ကျောင်းသူများသာ အကျုံးဝင်မည်ဖြစ်သည်။ ကျန်ရှိသော အဝေးသင် ဒုတိယနှစ်နှင့်အထက် စီးပွားရေးပညာနှင့် စီးပွားစီမံပညာရပ် အထူးပြုကျောင်းသားများ အကျုံးဝင်မည်မဟုတ်ပေ။

ရန်ကုန်အဝေးသင်တက္ကသိုလ် တာဝန်ရှိသူတစ်ဦးက “စီးပွားရေးတက္ကသိုလ်တွေက သူတို့ကျောင်းသားတွေကို ပြန်ယူတာပေါ့။ အရင်တုန်းက ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်တွေမှာ စီးပွားရေးတက္ကသိုလ်က ဆရာတွေ လာသင်ကြရတာ။ ခုကတော့ အကုန်လုံးကို သူတို့တက္ကသိုလ်က တာဝန်ခံတဲ့သဘော ဖြစ်သွားတာ။ ဒီနှစ်မှ ပြောင်းတယ်ဆိုတာကတော့ ပညာရေး အပြောင်းအလဲပေါ့”ဟု ပြောကြားသည်။

သတ်မှတ်ထားသည့် ဒေသအလိုက် သွားရောက်တက်ရမည်ဖြစ်သဖြင့် ကျောင်းသား၊ ကျောင်းသူများအတွက် အဆင်မပြေမှု ရှိနိုင်သော်လည်း စီးပွားရေးပညာရပ်များကို သက်ဆိုင်ရာ စီးပွားရေး တက္ကသိုလ်ကြီးများတွင် သင်ကြားရမည်ဖြစ်သဖြင့် ကျောင်းသား၊ ကျောင်းသူများအတွက် ပိုမိုအကျိုးရှိမည်ဖြစ်ကြောင်း ၎င်းက မှတ်ချက်ပေးသည်။

ထိုသို့ စီးပွားရေး တက္ကသိုလ်များ၌သာ အဝေးရောက် သင်ယူနိုင်ရန် မုံရွာစီးပွားရေးတက္ကသိုလ်၊ မိတ္ထီလာစီးပွားရေး တက္ကသိုလ်တို့နှင့် ညှိနှိုင်းပြီးဖြစ်ကာ ပညာရေး ဝန်ကြီးဌာနသို့ တင်ပြထားပြီးဖြစ်ကြောင်း ရန်ကုန်စီးပွားရေးတက္ကသိုလ်ထံမှ သိရှိရသည်။

ရန်ကုန်စီးပွားရေးတက္ကသိုလ် စီမံဌာနမှူးက “လောလောဆယ် ကျွန်မတို့ရဲ့ ဆုံးဖြတ်ချက်ပဲ ရှိသေးတာမို့ ပထမနှစ် ကျောင်းသားကပဲ စလက်ခံမှာပါ။ ဒုတိယနှစ်နဲ့ ကျန်တဲ့အတန်းတွေကိုတော့ အဝေးသင်ရဲ့အစီအစဉ်နဲ့ ဆက်ပြီးရှိနေဦးမှာပေါ့။ သူ့ရဲ့ သက်ဆိုင်ရာ ကျောင်းခွဲတွေမှာပဲ ရှိနေဦးမှာပါ”ဟု ပြောကြားသည်။

စီးပွားရေး တက္ကသိုလ်များတွင် ယင်းဘာသာရပ်နှစ်ခု အဝေးသင်တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝင်ခွင့်လျှောက်လွှာကို ယခုလ (ဇူလိုင်လ) လယ်ပိုင်းတွင် နိုင်ငံပိုင်သတင်းစာများမှ သီးသန့် ခေါ်ယူမည်ဖြစ်ကြောင်း ရန်ကုန်စီးပွားရေးတက္ကသိုလ်ထံမှ သိရှိရသည်။

ယခင်က ဝိဇ္ဇာ၊ သိပ္ပံ အဝေးသင်တက္ကသိုလ်ဌာနခွဲ ၁၆ ခုတွင် စီးပွားရေးပညာ၊ စီးပွားစီမံပညာရပ်များကို စီးပွားရေးတက္ကသိုလ်က ဆရာ၊ ဆရာမများက လာရောက်သင်ကြားပေးသော်လည်း ယခုနှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်သူများမှစ၍ စီးပွားရေး ပညာရပ်များ သင်ယူလိုပါက ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ မုံရွာစီးပွားရေးတက္ကသိုလ်နှင့် မိတ္ထီလာ စီးပွားရေး တက္ကသိုလ်များတွင်သာ အဝေးရောက် တက်နိုင်မည်ဖြစ်သည်။

အဝေးသင် စီးပွားရေးပညာရပ်နှင့် စီးပွားစီမံ ပညာရပ်များကို စီးပွားရေး တက္ကသိုလ်များ၌သာ အဝေးရောက် သင်ယူလိုသူများသည် ပညာသင်နှစ် ၄ နှစ် တက်ရောက်အောင်မြင်ပြီးလျှင် ဝိဇ္ဇာဘွဲ့ (စီးပွားရေး) ရရှိမည်ဖြစ်သည်။

နယ်မြေဒေသ သတ်မှတ်ချက်အရ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းများက ကျောင်းသား၊ ကျောင်းသူများသည် ရန်ကုန်စီးပွားရေး တက္ကသိုလ်တွင် အဝေးသင်အနေနှင့် တက်ရောက်ရမည်ဖြစ်ကြောင်း ယခုနှစ်ဝင်ခွင့် လမ်းညွှန်စာအုပ်တွင် ဖော်ပြထားသည်။

ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) မှ ကျောင်းသား၊ ကျောင်းသူများသည် မုံရွာစီးပွားရေးတက္ကသိုလ်၊ ကယားပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် အရှေ့ပိုင်းမှ ကျောင်းသား၊ ကျောင်းသူများသည် မိတ္ထီလာ စီးပွားရေးတက္ကသိုလ်တွင် တက်ရောက်ရမည်ဖြစ်သည်။

The Voice

No comments:

Post a Comment