Thursday, July 5, 2018

ပုဂံဒေသရှိ ဘုရားများပေါ်သို့ တက်ရောက်ခြင်းမပြုရသည့် အကြောင်းအရင်းနှင့်ပတ်သက်၍ အသိပေးချက်ထုတ်ပြန် ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်တို့တွင် နိုင်ငံခြားသားများ လိမ့်ကျမှု (၄)ကြိမ် ဖြစ်ပေါ်ခဲ့ပြီး၊ (၁) ကြိမ် အသက်ဆုံးရှုံး


ပုဂံဒေသရှိ ဘုရားများပေါ်သို့ တက်ရောက်ခြင်းမပြုရသည့် အကြောင်း အရင်းများနှင့် ပတ်သက်၍ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ အသိပေးချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီး ဘုရားများပေါ်သို့ တက်ရောက်ခြင်းကြောင့် ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်တို့တွင် နိုင်ငံခြားသားများ လိမ့်ကျမှု (၄)ကြိမ် ဖြစ်ပေါ်ခဲ့ကာ (၁) ကြိမ် အသက်ဆုံးရှုံးသည် အထိ ဖြစ်ပေါ်ခဲ့ကြောင်းလည်းဖော်ပြခဲ့သည်။

ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ ရှေးဟောင်း အဆောက်အအုံ များမှာ အေဒီ (၁၁) ရာစု၊ ၁၂)ရာစု နှင့် (၁၃) ရာစုနှစ်များအတွင်း တည်ဆောက်ထားသော ရှေးဟောင်း အဆောက်အအုံများ ဖြစ်သည့် အတွက် နှစ်ကာလအားဖြင့် သက်တမ်း (၈၀၀) ကျော် (၉၀၀)နီးပါး ကြာမြင့်ခဲ့ပြီး သဘာဝ ဘေးဒဏ်များကိုလည်း ပုဂံခေတ်ကတည်းက ယနေ့ထိတိုင်အောင် ကြိမ်ဖန်များစွာ ခံစားခဲ့ရသော ကြောင့် မျက်မြင် ခန့်မှန်းမသိရှိနိုင်သည့် အန္တရာယ်များ ရှိနိုင်ခြင်း။သာသာရေးရှုထောင့်အရ ဘုရားစေတီပုထိုးများတွင် ဓါတ်တော်မွေတော်များ ထည့်၍ ဌာပနာထား ခြင်းများကြောင့် တက်ရောက်ခြင်းသည် အဂါရ၀ဖြစ်စေခြင်းစသည့်အချက်များကိုလည်းဖော်ပြထားသည်။

ထို့အတူ အချို့ဘုရားများတွင် အပေါ်တက်ရောက်ရန် လှေကားများမှာ မတ်စောက်ခြင်းနှင့် ပစ္စယာများရှိ စဥ့်ကွင်းများ ပျောက်ဆုံးနိုင်ခြင်း၊အလယ်မဏ္ဍိုင် မပါဝင်ဘဲ အာရုံခံကျယ်ပြန့်သည့် ဂူဘုရားများတွင် နှစ်ကာလ ကြာရှည်လာသည့် အပြင် လူဦးရေ ရာဂဏန်းနှင့် တက်ရောက် ပါက ခံနိုင်ဝန်အား မမျှမှုကြောင့် ခိုင်ခန့်မှုအင်အား လျော့နည်းလာခြင်း၊ ပြိုကျမှုများ ဖြစ်လာနိုင်ခြင်းတို့ကြောင့်ဖြစ်ကြောင်း အသိပေးချက်တွင်ဖော်ပြထားသည်။

ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည်များအနေဖြင့် ပုဂံဒေသသို့ လုံခြုံစိတ်ချဘေးကင်းစွာ သွားရောက်လည်ပတ်နိုင်ရေး အတွက် သိရှိနိုင်ရန် အသိပေးခြင်းဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။

The Ladies News 
Photo-မြန်မာနိုင်ငံရှေးဟောင်းသုတေသနပညာအသင်း

No comments:

Post a Comment