Thursday, July 5, 2018

ဂူထဲပိတ်မိ ထိုင်းကလေးများ ကယ်ဆယ်ရေးအဖွဲ့မှ ရေငုပ်သမား အောက်ဆီဂျင်ပြတ်ပြီး သေဆုံး


ထိုင်းနိုင်ငံမှ ဂူတွင်းပိတ်မိနေတဲ့ ကလေးငယ်တွေကို ကူညီကယ်တင်တဲ့အဖွဲ့က ရေငုပ်သမားတဦးဟာ အောက်ဆီဂျင်ပြတ်ပြီး သေဆုံးသွားခဲ့တယ်လို့ သည်ဂါးဒီးယန်း သတင်းတပုဒ်မှာ ဒီကနေ့ ဖော်ပြပါတယ်။

သေဆုံးခဲ့သူဟာ ထိုင်းပင်လယ်ဖျံရေတပ်ဖွဲ့ဝင်ဟောင်း တဦးဖြစ်တဲ့ အသက် ၃၈ နှစ်အရွယ် ဆာမန်ကူနန်ဖြစ်ပြီး ဒီကနေ့မနက်ပိုင်း ဒေသစံတော်ချိန် မနက် ၁ နာရီမှာ သေဆုံးသွားခဲ့တာလို့ ဆိုပါတယ်။

သူဟာ ဂူအတွင်း ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် အောက်ဆီဂျင်အိုးတွေ လဲလှယ်ဖို့ သွားရောက်နေချိန်မှာ ခုလိုဖြစ်ခဲ့တာပါ။

ချင်းရိုင် လက်ထောက်အုပ်ချုပ်ရေးမှူး ပါဆခွန် ဘွန်ရာလပ်ခ်က “စေတနာ့ဝန်ထမ်း ထိုင်းပင်လယ်ဖျံရေတပ်ဖွဲ့ဝင်ဟောင်းဟာ မနေ့ညက သေဆုံးသွားခဲ့ပါပြီ။ သူ့အလုပ်က အောက်ဆီဂျင် သယ်ဆောင်ပေးရတာပါ။ ဂူထဲက အပြန်မှာ အောက်ဆီဂျင် မလုံလောက်ခဲ့တဲ့အတွက် သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာတော့ သူသေဆုံးသွားခဲ့ရတဲ့အပေါ် ဝမ်းနည်းကြေကွဲရကြောင်း မျှဝေမှုတွေ ရှိနေပါတယ်။

လက်ရှိမှာတော့ ဆာမန်ကူနန်ရဲ့ ရုပ်အလောင်းကို သုဝဏ္ဏဘူမိလေဆိပ်ဆီ ပို့ဆောင်ခဲ့ပြီး ရွိုင်အက်တ်ခရိုင်က သူ့နေအိမ်ဆီ သယ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

ထိုင်းလူငယ်ဘောလုံးသမားတွေနဲ့ ဘောလုံးနည်းပြတို့ဟာ ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မြို့နယ်ထဲက ခွန်နမ့်နန်းနွန်း လိုဏ်ဂူထဲမှာ ဇွန်လ ၂၃ ရက်ကတည်းက ဝင်ရောက်ပျောက်ဆုံးနေခဲ့တာဖြစ်ပြီး သူတို့ကိုရှာဖွေဖို့ နိုင်ငံတော်အဆင့် သတ်မှတ်ကာ နိုင်ငံတကာ အကူအညီတွေနဲ့ ၁၀ ရက်ကြာ ရှာဖွေခဲ့ပြီးနောက်မှ ပြန်လည်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

DVB

0 comments:

Post a Comment