စိတ်မချရသော လွတ်လမ်းကိုကျော်ဖြတ်ခဲ့ပြီးနောက် ရေလွှမ်းနေသော ထိုင်းဂူထဲတွင် သီတင်းနှစ်ပတ်ကျော် ပိတ်မိခဲ့ကြသော ၁၃ ဦး အုပ်စုထဲမှ လေးဦးကို ဇူလိုင် ၈ ရက်တွင် ကယ်တင်ခဲ့ရာ ထိပ်တန်းရေငုပ်သမားများက အခြားသူများကို မကြာခင် ကယ်ဆယ်နိုင်မည်ဟူသည့် မျှော်လင့်ချက်များ မြင့်တက်လာခဲ့သည်။
ကွေ့ကောက်နေခြင်း၊ အလွန်ကျဉ်းမြောင်းနေခြင်း၊ ရေပြည့်နေသော ထော်လော် ကန့်လန့်လမ်းကြောင်းများ ရှိနေခြင်းတို့ ပါဝင်နေသည့် နှစ်မိုင်ခွဲ (လေးကီလိုမီတာ) ကျော်ရှည်လျားသော လမ်းကြောင်းတစ်လျှောက် ရေငုပ်သမားများက ၎င်းတို့ကို လမ်း ပြခေါ်ဆောင်လာခဲ့ပြီးနောက် ကယ်ဆယ်ခံရသော ကောင်လေးများသည် ညပိုင်းတွင် သမ်းလူယန်လှိုဏ်ဂူထဲမှပေါ်ထွက်လာခဲ့ကြသည်။
ဂူထဲမှဆွဲထုတ်ခံရသော ကောင်လေးများကို ဆေးရုံသို့ အမြန်ပို့ဆောင်နေချိန်တွင် ၎င်းတို့ လွတ်မြောက်လာမှုက ထိုင်းလူမှုမီဒီယာတွင် ဂုဏ်ယူဝင့်ကြွားမှုများကို ပွင့်အန်စေခဲ့သည်။
သို့ရာတွင် ကယ်ဆယ်ရေးလုပ်ဆောင်နေသော ရေငုပ်သမားများ အောက်စီဂျင် ပြန်လည်ဖြည့်တင်းချိန်ရရှိရန် ဇူလိုင် ၉ ရက် နံနက် (ယနေ့ ) တိုင်အောင် ဆွဲထုတ်ရန်ကြိုးပမ်းမှုများ ရပ်ဆိုင်းထားခြင်းနှင့် အတူဂူထဲ တွင် ကျန်ရှိနေသူများ၏ ရှင်သန်ရေးမှာ အာမခံချက် အလှမ်းဝေးနေသည်။
ဂူထဲက လွတ်မြောက်လာသူများနှင့် ပတ်သက်၍ အခြားအသေးစိတ်အချက်အလက် တချို့ကို ထုတ်ပြန်ပေးခဲ့သော်လည်း ၎င်းတို့သည် ဘေးကင်းကြောင်း ကယ်ဆယ်ရေး အကြီးအကဲနာရွန်ဆက် အိုဆိုတာနာကွန်က ပြောကြားခဲ့သည်။ ကောင်လေးခြောက်ဦးကို ဆွဲထုတ်ခဲ့သည်ဟု ကာကွယ်ရေးဝန်ကြီးဌာန အရာရှိတစ်ဦးက အစောပိုင်းတွင် အေအက်ဖ်ပီကို ပြောကြားခဲ့သော်လည်း ကယ်ဆယ်ရေးတွင်ပါဝင်ဆောင်ရွက်နေပြီး ကယ်ဆယ်ရေးနှင့်ဆိုင်သော နောက်ဆုံးသတင်းများကို ၎င်းတို့၏ Facebook တွင် ပုံမှန်တင်ပေးနေသော ထိုင်းအထူးရေတပ် (Thai Navy SEALS) နှင့် နာရွန်ဆက်တို့ကမူ လေးဦးသာ ဂူအပြင်ဘက်ကို ရောက်လာကြောင်း ပြောကြားခဲ့ကြသည်။
ကယ်ဆယ်မှု ပြုလုပ်နေချိန်တွင် တာဝန်ရှိသူများက သတင်းမီဒီယာသမားများကို ဂူအနီးတစ်ဝိုက်မှ နောက်ဆုတ်ခိုင်းခဲ့သည်။ နောက်ဆုံးရရှိသော သတင်းများအဆိုအရ ကယ်ထုတ်ခဲ့သော ကလေးလေးဦးအနက် တစ်ဦးမှာ အနည်းငယ် စိုးရိမ်ရသည်ဟု ဆိုသည်။ ကယ်တင်ခံရသူ လေးဦး၏ နာမည်များကို သက်ဆိုင်ရာက ထုတ်ပြန်ခြင်းမပြုသေးပေ။
ချင်းရိုင်ပြည်နယ်ရှိ လှိုဏ်ဂူအတွင်း ပိတ်မိနေခဲ့သော ချာတိတ် ၁၂ ဦးအနက် ၁၁ ဦးမှာ ဘောလုံးအသင်းတစ်သင်းတည်းမှ ကစားသမားများဖြစ်ကြပြီး အခြားတစ်ဦးမှာ ၎င်းတို့ ပျောက်ဆုံးသွားသောနေ့တွင် ၎င်းတို့၏ အသင်းတွင် အစမ်းလာရောက်ကစားခဲ့သူဖြစ်သည်။
ကယ်ဆယ်ရေးအဖွဲ့များက ရေနစ်မြှပ်နေသော လှိုဏ်ဂူထဲကနေ ၎င်းတို့ကို ဆွဲထုတ် ရန်နေရောညပါ လုံးပမ်းနေချိန်တွင် လူငယ်များ၏ မိဘများသည်ဂူအပြင်ဘက်တွင် ၂၄ နာရီပတ်လုံး မေတ္တာပို့ ဆုတောင်းနေခဲ့ကြသည်။ အသက် ၁၁ နှစ်မှ ၁၆ နှစ်အထိ ရှိသော ကောင်လေးများသည် ထိုင်းအမျိုးသားဘောလုံးလိဂ်တွင် ကစားခွင့်ရရန် စိတ်ကူးထားကြသူများဖြစ်ကြပြီး ၎င်းတို့ထဲက တချို့မှာ ကျောင်းသားများဖြစ်ကြသည်ဟု ၎င်းတို့ ၏မိသားစုများက ပြောကြားခဲ့ကြသည်။
ဂူအတွင်း သီတင်းနှစ်ပတ်ကြာ ပိတ်မိခဲ့ ကြသော လူငယ်များကို ဖော်ပြပေးလိုက်ပါသည်။
■ အဒူလ်ဆမ်းအွန်-၁၄ နှစ်
မြန်မာနိုင်ငံတွင် ပြည်နယ်မဲ့မွေးဖွားခဲ့သူ ဖြစ်ပြီး ထိုင်းနိုင်ငံရှိ ခရစ်ယာန်ဆရာများက ကြည့်ရှုစောင့်ရှောက်ခဲ့သော အဒူလ်ဆမ်းအွန်၏ ယဉ်ကျေးလိမ္မာမှု၊ အင်္ဂလိပ်စကာ ပြောနိုင်မှုတို့က နှလုံးသားကို ဖမ်းစားလျက်ရှိသည်။ ထိုင်း၊ မြန်မာ၊ တရုတ်စကားတို့ကိုလည်း ပြောတတ်သော အဒူလ်သည် အင်္ဂလိပ်စကားပြောသူ သုံးချိုးတစ်ချိုးပင်မရှိသော နိုင်ငံတွင် အင်္ဂလိပ်စာထူးချွန်သူအဖြစ် ချီးကျူးခံရသည်။
ဇူလိုင်၂ ရက်ညတွင် ကောင်လေးများကိုရှာတွေ့ခဲ့သော ဗြိတိသျှ ရေငုပ်သမားများ နှင့် တစ်ဦးတည်း ဆက်သွယ်နိုင်သူမှာ သူပင်ဖြစ်သည်။ ကောင်လေးများကို အခက်အခဲကြားမှ ရှာဖွေနိုင်ခဲ့ပြီးနောက် ကမ္ဘာတစ်ဝန်းသို့ ထုတ်လွှင့်ခဲ့သော ရုပ်သံတွင် “ဒီနေ့ ဘာ နေ့လဲ” ဟု သူကအော်ပြောခဲ့ပြီး ၄င်းတို့ ဆာလောင်နေကြောင်း ရေငုပ်သမားများကိုပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ၀ ပြည်နယ်တွင် မွေးဖွားခဲ့ခြင်းဖြစ်ပြီး ထိုင်း မြောက်ပိုင်းတွင် ပိုကောင်းသောပညာရေးကို ဆည်းပူးရန် အသက်ခုနစ်နှစ်တွင် မိသားစုကို ကျောခိုင်းခဲ့သော်လည်း သူ့မိဘများကမူ သူ့ပညာဆည်းပူးနေသော ခရစ်ယာန်ဘုရားကျောင်းကို လာရောက်လည်ပတ်နေကြဆဲ ဖြစ်သည်။
မွေးစာရင်းမရှိ၊ မှတ်ပုံတင်မရှိ၊ နိုင်ငံကူး လက်မှတ်မရှိသော အဒူလ်သည်တရားဝင် အိမ်ထောင်ပြုနိုင်မည် မဟုတ်သကဲ့သို့ တရားဝင် အလုပ်ကိုလည်း လုပ်နိုင်မည်မဟုတ်ပေ။တရားဝင်ခရီးသွားခွင့်၊ တရားဝင်ဘဏ်စာရင်း တို့ကိုလည်း ပြုလုပ်နိုင်မည်မဟုတ်သကဲ့သို့ အိမ်ပိုင်ခွင့်ရှိမည်မဟုတ်။ တရားဝင်ဆန္ဒမဲပေးခွင့်လည်း ရရှိမည်မဟုတ်ပေ။ ယင်းအနေအထားများက သူ့တိုးတက်မှုကို ဟန့်တားထားမည်ဆိုခြင်းအား သူက ငြင်းဆန်သည်။ စန္ဒရား နှင့် ဂီတာတီးခြင်းတို့ကို နှစ်သက်ပြီး ဘောလုံးကစားခြင်းကို နှစ်ခြိုက်လှသော အဒူလ်သည် ထူးချွန်သောကျောင်းသားတစ်ဦးဖြစ်သည်။
■ ဒရန်ပတ်ပရွမ်သက် – ၁၃ နှစ်
ဒွမ်ဟုခေါ်သည့် ဒရန်ပတ်ပရွမ်သက်သည် တောဝက်အသင်း၏ အသင်းခေါင်းဆောင်ဖြစ်သည်။ အုပ်စုထဲတွင် စိတ်ဓာတ်လှုံ့ဆော်မှု အကောင်းဆုံးသူဖြစ်သည်ဟု သူ့မိသားစုက ပြောကြားခဲ့သည်။ သူသည် ခေါင်း
ဆောင်ကောင်း အရည်အသွေးရှိပြီး ဟာသဥာဏ်ရှိည်ဟု သူ့ကစားဖော်များကပြော ကြားခဲ့ကြသည်။ ပါရမီရှင် ဘောလုံးသမားတစ်ဦးဖြစ်သောကြောင့် ဒေသခံ ထိပ်တန်းအသင်းများက စမ်းကစားရန် သူ့ကို ပြောကြားထားသည်ဟု ဆိုသည်။
■ မွန်ခွန်းဘွန်ပီးယန်း – ၁၄ နှစ်
မွန်ခွန်းသည် ဘောလုံးကို မြတ်နိုးသလို စာပေဆည်းပူးခြင်းကိုလည်း မြတ်နိုးကြောင်း မွန်ခွန်းသီနာကွန်းက ပြောကြားခဲ့သည်။ သူသည် တောဝက်ဘောလုံးအသင်းသို့လွန်ခဲ့သော တစ်နှစ်ကျော်တွင် ရောက်ရှိ လာခဲ့ခြင်း ဖြစ်သည်။ ဇွန် ၂၃ ရက် စနေနေ့ တွင် အသင်းနှင့်အတူ လေ့ကျင်ခဲ့ပြီးနောက် ဂူအတွင်းဝင် ရောက်သွားခဲ့ပြီး ပိတ်မိနေခဲ့ ခြင်းဖြစ်သည်။
■ အက်ကာရတ်ဝမ်ဆွတ်ချန် – ၁၄ နှစ်
သူ့ကို ဘူးဟုခေါ်ကြသည်။ တောဝက်အသင်း၏ ဂိုးသမားနှစ်ဦးထဲက တစ်ဦးဖြစ်သည်။
■ ပီးပတ်ဘိုဒီ- ၁၅ နှစ်
ပီးပတ်သည် တောဝက်အသင်း၏ ဘောလုံးသမားတစ်ဦးမဟုတ်ဟု ဆိုသော်လည်း သူသည်အသင်းနှင့်အတူ လာရောက်လေ့ကျင့်ပြီးနောက် လှိုဏ်ဂူထဲ ၀င်ရောက်သွားခဲ့ခြင်းဖြစ်သည်။ မကြာခင် တောဝက်အသင်းသို့ ၀င်ရောက်လာမည်ဟု မျှော်လင့်ရသည်။
■ ပရာဂျက်ဆူသမ် – ၁၄ နှစ်
ပရာဂျက်သည်လည်း ဂိုးသမားတစ်ဦး ဖြစ်သည်။ သူငယ်ချင်းများနှင့်မိသားစုကသူ့ ကို Note ဟုခေါ်သည်။ အေးဆေးသူဖြစ်သော်လည်း အားကစားကို နှစ်သက်သူဖြစ်သည်။ သူရရှိထားသောဆုတံဆိပ်များကို မဲဆိုင်အပြင်ဘက်ရွာရှိ မိသားစု၏ ရိုးရိုးကုတ်ကုတ် အိမ်လေး၏ ခြံဝင်းထဲတွင် ပြသထားသည်။ သူသည် ပြည်နယ်အဆင့်အသင်းတွင် ကစားချင်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။
■ ချာနင်ဝီဘွန်ရန်ဂရူရန် -၁၁ နှစ်
ချာနင်ကိုတိုင်တန်ဟုခေါ်ကြသည်။ သူသည် တောဝက်အသင်းတွင် အသက်အငယ်ဆုံး ဘောလုံးသမားဖြစ်သည်။ သူသည် ဘောလုံးကစားခဲ့သည်မှာ လေးနှစ်ကြာပြီဖြစ်ကြောင်း သိရသည်။
■ ပွန်ချိုင်းခမ်လောင် – ၁၆ နှစ်
သားဖြစ်သူကိုတွေ့ရန် အခွင့်အရေး ရာခိုင်နှုန်း ၅၀ သာ ရှိမည်ဟုထင်ခဲ့ကြောင်း ပွန်ချိုင်၏ မိခင်ကပြောကြားခဲ့သည်။ နောင် တွင် သားကိုဂူနားသို့လည်းကောင်း၊ ရေနားသို့ လည်းကောင်း ဘယ်တော့မှ သွားခွင့်ပေးတော့မည် မဟုတ်ဟု သူမက ပြောကြားခဲ့သည်။
■ ပါရာပတ်ဆွမ်ပိုင်ဂျိုင် – ၁၆ နှစ်
သူသည် ညာတောင်ပံကစားသမား ဖြစ်ပြီး Night ဟု လူသိများကြောင်း ဂါးဒီးယန်းသတင်းစာက ရေးသားဖော်ပြခဲ့သည်။
■ နာတာဝတ်တာကမ်ဆိုင်-၁၄ နှစ်
အသက် ၁၄ နှစ်ရှိ နာတာဝတ်ဆာကမ်ဆိုင်ကိ နာမည်ပြောင် တလီဟု ခေါ်ကြသည်။
■ ပါနူမက်ဆန်ဒီး- ၁၃ နှစ်
သူသည်ခံစစ်မှူးဖြစ်သည်။ သူ့ကို မစ်ဟုလည်းခေါ်ကြသည်။ မိခင်နှင့်အဘိုးတို့က ကြည့်ရှုစောင့်ရှောက်ခဲ့သူဖြစ်သည်။ လှိုဏ်ဂူထဲတွင် တစ်သင်းလုံးလမ်းပျောက်သွားခဲ့ပြီးနောက်ပိုင်း သူ့အဘိုးမှာ ၀မ်းနည်းပူဆွေးကာ အစာမစားတော့ဟုဆိုသည်။ ကြံ့ခိုင်မှု ကောင်းမွန်ပြီး ရွေ့လျားမှုကောင်းမွန်သောကြောင့် စံပြခံစစ်မှူးအဖြစ် နည်းပြ ချီးကျူးတာ ခံခဲ့ရသူဖြစ်သည်။
■ ဆွမ်ပေါင်ဂျိုင်ဝမ် – ၁၃ နှစ်
ပေါင်ဟုခေါ်သည့် ကွင်းလယ်ကစားသမားဆွမ်ပေါင်သည် အင်္ဂလန်ပရိသတ်ဖြစ်သည်။ ဘောလုံးသမားဖြစ်ချင်သည့် အိပ်မက်ရှိပြီး ထိုင်းလက်ရွေးစင်ဖြစ်ချင်သူဖြစ်သည်ဟု သူ့ဆရာမက အေအက်ဖ်ပီကို ပြောကြားခဲ့သည်။ ပေါင်သည် ပျော်ပျော်နေတတ်သူဖြစ်ပြီး အားကစားနည်းတိုင်းကို နှစ်သက်သူဖြစ်သည်။
နည်းပြ
■ အက်ကာပိုးလ်ချန်တာဝမ် -၂၅ နှစ်
တစ်အိမ်လုံး အဖျားရောဂါဖြစ်ပွားသဖြင့် မိခင်၊ ဖခင်နှင့် ခုနစ်နှစ်သာ ရှိသေးသော ညီတို့ကို ဆုံးရှုံးခဲ့ရချိန်တွင် ချန်တာဝမ်သည် အသက် ၁၂ နှစ်မျှသာရှိပါသေးသည်။ သူသည် ၀မ်းနည်းနေပြီး အထီးကျန်နေသောကြောင့် သူ့အား ဘုန်းကြီးကျောင်းသို့ ပို့ခဲ့ရသည်ဟု သူ့အဒေါ်က ပြောကြားခဲ့သည်။ ဗုဒ္ဓ ဘာသာဘုန်းကြီးကျောင်းတွင် သူသည် စိတ်ဓာတ်အင်အားကို ရရှိခဲ့သည်ဟု ဆိုသည်။လှိုဏ်ဂူထဲတွင်ကလေးများတည်ငြိမ်မှု ရှိစေရန် တရားထိုင်နည်းသင်ပေးခဲ့သည်ဟု ဆိုသည်။
Ref: AFP/ Daily Mail
Eleven Media Group

















0 comments:
Post a Comment