Thursday, July 5, 2018

အပစ်ရပ် စောင့်ကြည့်ရေးအတွက် တရုတ် ကား ၁၀ စီး လှူဒါန်း


ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီလုပ်ငန်းများတွင် အသုံးပြုရန် တရုတ် အစိုးက အပစ်ရပ် ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC)ထံသို့ မော်တော်ယာဉ် ၁၀ စီးကို လှူဒါန်းခဲ့သည်။

အဆိုပါ မော်တော်ယာဉ် ၁၀ စီးလှူဒါန်းမှု အခမ်းအနားကို ဇူလိုင်လ ၅ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနတွင် ကျင်းပခဲ့ပြီး JMC ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်နှင့် JMC ကော်မတီဝင်များ၊ တရုတ်သံအမတ်ကြီး ဟုန်လျန်နှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။

အဆိုပါကား ၁၀ စီးသည် Volvo အမျိုးအစား SUV ကားများဖြစ်ကြပြီး နယ်ဒေသများသို့ သွားရောက်သည့်ကိစ္စရပ်များတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း JMC ထံမှ သိရသည်။

အဆိုပါ ကားများကို ဒေသအဆင့် JMC ရုံးများတွင် ခွဲဝေသုံးစွဲမည်ဖြစ်ကြောင်း JMC အတွင်းရေးမှူး အဖွဲ့ဝင်တစ်ဦးကဆိုသည်။

အဆိုပါ ကားလှူဒါန်းရခြင်းမှာ JMC လုပ်ငန်းများ ပိုမိုထိရောက် အောင်မြင်စေရန်ဖြစ်ပြီး မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံက ဆက်လက် အားပေး ကူညီ ထောက်ပံ့သွားမည်ဖြစ်ကြောင်း တရုတ်သံအမတ်ကြီးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ အပစ်ရပ်စောင့်ကြည့်ရေး လုပ်ငန်းစဉ်များကို ကုလသမဂ္ဂက အဓိကထား ထောက်ပံ့နေခြင်းဖြစ်ပြီး တရုတ်အစိုးက အပစ်ရပ်လုပ်ငန်းစဉ်တွင် ယခု ပထမအကြိမ် ပါဝင်လာခြင်း ဖြစ်သည်။

လက်ရှိတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူ စာချုပ်ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ လက်မှတ်ရေးထိုးထားသည်။

The Voice

No comments:

Post a Comment