Thursday, July 5, 2018

ဆိပ်ကမ်းရဲစခန်းမှူးကို အသရေဖျက်မှုဖြင့် ဒေါ်စုစုနွေး အမှုဖွင့်

ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်း လှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၉ ဖြင့် ဆိပ်ကမ်းမြို့မရဲစခန်းတွင် အမှုဖွင့်ခံရသူ ဒေါ်စုစုနွေး အပါအဝင် သုံးဦးက ဆိပ်ကမ်းရဲစခန်းမှူးကို အသရေဖျက်မှုဖြင့် ပြန်လည် အမှုဖွင့်ခဲ့ကြောင်း မြန်မာနိုင်ငံ တောင်သူလယ်သမားများ သမဂ္ဂဥက္ကဋ္ဌ ဒေါ်စုစုနွေးက ပြောကြားသည်။

မြေယာအငြင်းပွားမှု ရင်ဆိုင်နေရသည့် တောင်သူ ၁၅၀ ဦး၏နစ်နာမှုနှင့်ပတ်သက်၍ ဇူလိုင်လ ၁ ရက်က ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့တွင် မြန်မာနိုင်ငံ တောင်သူလယ်သမားများသမဂ္ဂမှ ဒေါ်စုစုနွေး၊ ဦးဇော်ရမ်း၊ ဦးကိုကိုနိုင်တို့ ဦးဆောင်ကာ ဆန္ဒပြခဲ့ပြီးနောက် ၎င်းတို့ သုံးဦးကို ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၉ ဖြင့် ယင်းနေ့တွင်ပင် ဆိပ်ကမ်းမြို့မရဲစခန်းက အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

“ခွင့်ပြုမိန့်တင်တဲ့သူ သုံးဦးကို တရားစွဲဆိုထားတယ်။ လယ်သမားအရေး ဆောင်ရွက်သူတွေကို နှိပ်ကွပ်ချင်တဲ့သဘောနဲ့ မရိုးမသား တရားစွဲတယ်။ အဲဒါကြောင့် ပြန်ပြီးအမှုပြန်ဖွင့်တာပါ”ဟု ဒေါ်စုစုနွေးက ဆိုသည်။

ဇူလိုင်လ ၄ ရက်တွင် အမှုဖွင့်ခံထားရသူ သုံးဦးတို့က ဆိပ်ကမ်းမြို့နယ်မှ စခန်းမှူးအား မမှန်မကန် စွပ်စွဲသောကြောင့် အရေးယူပေးရန် ကော့မှူးမြို့နယ်ရဲစခန်းတွင် အမှုဖွင့်ခဲ့ရာ အမှုကိုလက်ခံခဲ့ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကော့မှူး မြို့မရဲစခန်းထံ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ “ကျွန်တော်က ဒီနေ့မှာ တာဝန်ကျတာ မသိသေးဘူး”ဟု အဆိုပါစခန်းမှ တာဝန်မှူးက ပြောကြားခဲ့သည်။

ထပ်မံ၍ အမှုဖွင့်ခံရသည့် စခန်းမှူးနှင့်ပတ်သက်၍ ဆိပ်ကမ်းမြို့မရဲစခန်းသို့ The Voice Daily က ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပေ။

မြန်မာနိုင်ငံ တောင်သူလယ်သမားများသမဂ္ဂ ၂၀၁၂ ခုနှစ်၊ ဇူလိုင် ၂၁ ရက်က စတင် ဖွဲ့စည်းခဲ့ပြီး တိုင်းနှင့်ပြည်နယ် အသီးသီးရှိ မြေယာ အငြင်းပွားမှုများကို ဖြေရှင်းပေးခဲ့ရာတွင် နှစ်စဉ် နစ်နာသူ လယ်သမားများ ဧကတစ်ထောင်ခန့် ပြန်လည် ရရှိခဲ့ကြောင်း ဒေါ်စုစုနွေးထံက သိရသည်။ 

The Voice

No comments:

Post a Comment