လူမှုကွန်ရက်စာမျက်နှာများနှင့် နေပြည်တော်ဒေသခံ အသိုက်အ၀န်းများအကြား ထီးတော်တင်လျှင် တမြို့လုံးရေလွှမ်းမိုးမည်ဟု ကောလဟာလထွက်ပေါ်ခဲ့သည့် နေပြည်တော် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ နေရောင်ပြအင်းဘုရားအား မိုးလေ၀သကောင်းမွန်သည့် နေ့တနေ့တွင် ထီးတော်ပြန်တင်ရန် အကြမ်းဖျင်း လျာထားကြောင်း ဂေါပကဥက္ကဋ္ဌ ဦးသိန်းဇော်က News Watch သို့ ပြောကြားခဲ့သည်။
''လောလောဆယ် ငှက်မြတ်နားတော်မှာ ရတနာတွေစီနေပါတယ်။ ဇူလိုင် ၁၅ လောက်ဆိုပြီးမယ်။ ထီးတော်ပြီးတာနဲ့ တန်ဆောင်းထဲမှာ အပူဇော်ခံထားမယ်။ အဲဒီအချိန်မှာ ဘုရားတကာတွေလာကြမယ်။ ထီးတင်မယ့်ရက်ကိုတော့ ဆရာတော် သံဃာတော်တွေနဲ့ ညှိနှိုင်းပြီးတော့မှ မိုးလေ၀သကင်းလွတ်တဲ့ နေ့တနေ့ကို အကြမ်းဖျင်းလျာထားပါတယ်''ဟု ဦးသိန်းဇော်က ပြောသည်။
ကိုးတောင်ပြည့် စေတီတော်နှင့် ၁၀၈ တောင်အမြင့်ဆောင်သော နေရောင်ပြအင်းဘုရားအား ၂၀၁၇ ခုနှစ် ဇန်န၀ါရီလ ၄ ရက်တွင် ထီးတော်နှင့်အနေကဇာတင်ခဲ့ပြီးနောက် မတ်လ ၃၁ ရက်တွင် လေပြင်းတိုက် ခတ်မှုကြောင့် ထီးတော်၊ စိန်ဖူးတော်တို့မြေခခဲ့သောကြောင့် လူမှုကွန်ရက် စာမျက်နှာပေါ်၌ လူပြောများလာခဲ့ကြောင်း သိရသည်။
''အခုလိုဖြစ်ခဲ့တာက လေပြင်းလို့ မဟုတ်ပါဘူး။ ထီးမခိုင်လို့ ကျိုးကျခဲ့တာပဲ။ အထက်အဆင့် ပိန္နဲတိုင်မှာ ၆ လက်မလောက်အရစ်ပါတယ်။ ဘလက်ကစ်လို့ခေါ်တယ်။ လုပ်ရိုးလုပ်စဉ်အတိုင်း မလုပ်ခဲ့ခြင်းအပေါ် ၀ိတ်ကများပြီး ငှက်မြတ်နားတော်ရဲ့အောက်မှာ စိန်ဖူးတော်ထီးတော်တွေရှိနေတော့ လေတိုက်တဲ့အခါမှာ လှုပ်ခတ်သွားပြီး ဂဟေဆက်တွေ မသေချာတော့ ပြုတ်ကုန်ပြီး မြေခခဲ့ရတာပါ''ဟု ၎င်းက ပြန်လည်ရှင်းပြခဲ့သည်။
ယင်းထီးတော်အား ပြန်လည် လှူဒါန်းမည့် အလှူရှင်မှာ ရန်ကုန်တိုင်းဒေသကြီးမှဖြစ်ပြီး ရွှေတိဂုံစေတီတော်မှ ဦးအောင်မြတ် ခေါင်းဆောင်သည့်အဖွဲ့မှ ထီးတော်ပြန်တင်ပေးမည်ဖြစ်ကာ လုပ်ငန်းကိစ္စများအား ဆွေးနွေးထားပြီးဖြစ်ကြောင်း သိရသည်။
ယင်းစေတီသည် ပျဉ်းမနားမြို့၏ အရှေ့မြောက် နေရောင်ပြအင်းအလယ်တွင်တည်ရှိပြီး ဆရာတော် ဦးသုမင်္ဂလမှ သာသနာသက္ကရာဇ် ၂၅၀၀ ခန့်တွင် တည်ထားခဲ့သည်။ တဘောင်များ ကောလာဟလများ ထွက်ပေါ်နေခြင်းနှင့်ပတ်သက်၍ ဦးဆောင်ဆရာတော်တပါးက ဘုရားထီးတင်လျှင် ရေကြီးရေလွှမ်းမိုးမှု ဖြစ်မည်ဆိုသည်မှာ မဟုတ်မှန်ကြောင်း ကောလာဟလသာဖြစ်ပြီး ကောင်းမှုကုသိုလ်လုပ်လျှင် ကောင်းကျိုးကိုခံစားရမည်ဖြစ်ကြောင်း မိန့်ကြားခဲ့သည်။
ဝေမိုး(နေပြည်တော်)
News Watch

No comments:
Post a Comment