Thursday, August 2, 2018

ရခိုင်စုံစမ်းစစ်ဆေးရေး ကော်မရှင် ASEAN ကြှိုဆို


ရခိုင်အရေးအတွက် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းတာကို အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ ASEAN နိုင်ငံခြား ရေးဝန်ကြီးတွေက ကြိုဆိုလိုက်ပါတယ်။

စင်္ကာပူနိုင်ငံမှာ သြဂုတ်လ ၂ ရက်နေ့ကကျင်းပတဲ့ ၅၁ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး ထုတ်ပြန်တဲ့ ပူးတွဲ ကြေညာချက်ထဲမှာ အဲဒီလိုဖော်ပြထားတာပါ။

ရခိုင်ပြည်နယ်မှာ ပြန်လည်သင့်မြတ်ရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက်နိုင်ဖို့ အမျိုးသားအစီအစဉ် တရပ်အနေနဲ့ဆိုပြီး လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဇူလိုင်လ ၃၀ ရက်နေ့မှာ မြန်မာအစိုးရက ဖွဲ့စည်းလိုက်တာပါ။

ဒီကော်မရှင်မှာ ဖိလစ်ပိုင်နိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီးဟောင်း Rosario Manalo က ဥက္ကဌဖြစ်ပြီး ကုလသမဂ္ဂ လူသားချင်း စာနာမှုလုပ်ငန်းများဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ်ဟောင်း ဂျပန်သံအမတ်ကြီး Kenzo Oshima ၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥက္ကဌဟောင်း ဦးမြသိန်း၊ UNICEF အဆင့်မြင့် အကြံပေးပုဂ္ဂိုလ်ဟောင်းနဲ့ ကုလသမဂ္ဂဝန်ထမ်းကောလိပ် အဆင့်မြင့်အရာရှိဟောင်း ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်တို့ အဖွဲ့ဝင်အဖြစ်ပါဝင်ပါတယ်။

ဒါ့အပြင် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ တရားဥပဒေစိုးမိုးရေး တည်ဆောက်နိုင်ဖို့၊ လူမှုအသိုင်းအဝိုင်းအမျိုးမျိုးကြားမှာ သဟဇာတ ဖြစ်မှုနဲ့ ပြန်လည်သင့်မြတ်ရေးတို့ကို အားပေးမြှင့်တင်ဖို့၊ ရခိုင်ပြည်နယ်မှာ ရေရှည်ခိုင်မာပြီး တန်းတူညီမျှတဲ့ ဖွံ့ဖြိုးတိုးတက်မှု ဖြစ်ပေါ်လာဖို့ မြန်မာနိုင်ငံရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ဆက်ပြီး ထောက်ခံပံ့ပိုးသွားမယ့်အကြောင်းလည်း အာဆီယံ နိုင်ငံခြား ရေးဝန်ကြီးတွေရဲ့ ပူးတွဲကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

လက်ရှိအာဆီယံအလှည့်ကျဥက္ကဌ စင်္ကာပူနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေးနဲ့ တဆက်ထဲကျင်းပဖို့ရှိတဲ့ အရှေ့အာရှထိပ်သီးအစည်းအဝေး၊ အာဆီယံ ဒေသဆိုင်ရာဖိုရမ် ARF တို့ကို မြန်မာနိုင်ငံ အစိုးရဘက်က အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဌာန ပြည်ထောင်စုဝန်ကြီးနဲ့ နိုင်ငံခြားရေးဌာန ဒုတိယဝန်ကြီး ဦးကျော်တင် တက်ရောက်နေပါတယ်။

လာမယ့်အစည်းအဝေးတွေကို တက်ရောက်မယ့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က ဦးစားပေးပြောဆိုမယ့် ကိစ္စရပ်တွေထဲမှာ ရခိုင်ပြည်နယ်ကိစ္စလည်းပါမယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ပြောထားပါတယ်။

VOA



No comments:

Post a Comment