သြဂုတ်၂ ရက် နံနက် ၈ နာရီ တိုင်းထွာချက်အရ သံလွင်မြစ်ရေသည် ၉၀၉ စင်တီမီတာသို့ ကျဆင်းလျက်ရှိပြီး သံလွင်တံတား ချဉ်းကပ်လမ်းနှစ်ဖက်နှစ်ချက်တွင် ရေအနက် နှစ်ပေခန့် လျော့နည်းလာသည့်အတွက် ဘားအံ-သထုံ-ရန်ကုန်ကားလမ်း ပြန်လည်ပြေးဆွဲလျက်ရှိကြောင်း သိရသည်။
“ကားလမ်းတွေ ပြန်လည်ပြေးဆွဲနိုင်ပြီဆိုတော့ ကုန်သွယ်ရေး အခက်အခဲကို ကျော်လွှားနိုင်တော့မှာပါ။ သံလွင်တံတား ချဉ်းကပ်လမ်း နှစ်ဖက်နှစ်ချက်မှာ ရေအနက် နှစ်ပေနီးနီး ရှိတော့တာဆိုတော့ သက်ဆိုင်ရာက ပြန်လည်ဖွင့်လှစ်ပေးတာလေ။ ကားလမ်းတွေပွင့်ရင် အခြေခံစားကုန်ဈေးလည်း ကျဆင်းလာမှာပေါ့။ မော်လမြိုင် သထုံဘက်က စားကုန်တွေ ဒီမနက်မှာ စတင်ဝင်လာပါပြီ” ဟု ဘားအံမြို့မဈေးကြီးမှ ကုန်စိမ်းရောင်းချသူတစ်ဦးက ပြောကြားသည်။
လက်ရှိအချိန်တွင် ဘားအံမြို့ မြေနိမ့်ရပ်ကွက်များ၌ မြစ်ရေချိန် လျော့နည်းကျဆင်းလာသော်လည်း လှေ၊ ကူးတို့ဖြင့် သွားလာနေရသောကြောင့် သွားလာရေး အခက်အခဲရှိနေပြီး ဘားအံမြို့ ရေဘေးကယ်ဆယ်ရေး စခန်း ၁၆ ခု၌ ရေဘေးသင့်ပြည်သူတစ်သောင်းကျော်မှာ ဆက်လက် ခိုလှုံနေရဆဲဖြစ်ကြောင်း သိရသည်။
“မြစ်ရေက တစ်နေ့ကို နည်းနည်းပဲ ကျဆင်းနေတဲ့အတွက် သွားလာရေး အခက်အခဲ ရှိပါတယ်။ လက်ရှိအချိန်မှာ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လူကယ်ပြန်အဖွဲ့၊ ကရင်ပြည်နယ် လူငယ်မောင်မယ်များအဖွဲ့ ၊ အနယ်နယ်က ပရဟိတအဖွဲ့၊ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားအဖွဲ့တွေရဲ့ ကိုယ်ထိလက်ရောက် ပေးပို့လှူဒါန်းမှုတွေက ကယ်ဆယ်ရေးစခန်းတွေမှာ စားနပ်ရိက္ခာပူစရာတော့ မရှိပါဘူး” ဟု အမှတ် (၅) ရပ်ကွက် ပြည်နယ်ဘောလုံးကွင်း ကယ်ဆယ်ရေးစခန်းမှ ဒေသခံတစ်ဦးက ဆိုသည်။
ဘားအံမြို့ အခြေခံစားကုန်ဈေးကွက်အတွင်း ထိုင်းကုန်စည်များမှာ မူဂျိုင်း (ကော့ကရိတ်) ပွန်းတွန်းတံတား ချဉ်းကပ်လမ်းများ ရေကျဆင်းချိန် စောင့်ဆိုင်းနေရသဖြင့် သြဂုတ် ၂ ရက်အထိ ဘားအံဈေးကွက်အတွင်း ၀င်ရောက်လာခြင်း မရှိသေးကြောင်း သိရသည်။
စိုးစိုး (ဘားအံ)
Eleven Media Group

No comments:
Post a Comment