Thursday, August 2, 2018

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ပုံနှင့်စာသားတို့အား ကနေဒါနိုင်ငံရှိ လူ့အခွင့်အရေးပြတိုက်မှ ဖယ်ရှား


နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အကြောင်း စာသားနှင့်ပုံတို့အား ကနေဒါနိုင်ငံ လူ့အခွင့်အရေး ပြတိုက်၌ ပြသထားခြင်းအား ဖယ်ရှားလိုက်ကြောင်း ဗြိတိန်နိုင်ငံအခြေစိုက် Hufftingtonpost သတင်းမီဒီယာ ဖော်ပြချက်အရ သိရှိရသည်။

ကနေဒါနိုင်ငံ ၀င်နီပက်မြို့တွင်ရှိသော လူသားချင်းစာနာထောက်ထားမှု ပြတိုက်သည် ကမ္ဘာတစ်ဝန်းမှ အခြေခံလူ့အခွင့်အရေးများနှင့် ပတ်သက်သော အောင်မြင်မှုများနှင့် အခြေခံ လူ့အခွင့်အရေးများ ရရှိရန် ကြိုးပမ်းခဲ့သော ပုဂ္ဂိုလ်များ၏ သမိုင်းအားဖော်ပြခြင်းမှ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အား ဖယ်ရှားမည်ဟု ကြေညာခဲ့ကြောင်း သိရသည်။

သို့သော်လည်း ကနေဒါနိုင်ငံ ဂုဏ်ထူးဆောင် နိုင်ငံသားဆုပေးအပ်ထားသော ပုဂ္ဂိုလ်များ၏ပုံများအား ပြသထားသော နေရာတွင် ဒေါ်အောင်ဆန်းစုကြည်၏ပုံအား ဆက်လက် ပြသသွားမည် ဖြစ်သော်လည်း ပုံအား ထင်ရှားပေါ်လွင်အောင် တပ်ဆင်ထားသော မီးလုံးများအား ပိတ်ထားမည်ဖြစ်ပြီး ရုပ်တုရှေ့တွင် မြန်မာနိုင်ငံအနေဖြင့် လက်ရှိကြုံတွေ့နေရသော လူ့အခွင့်အရေးနှင့် သက်ဆိုင်သော ပြဿနာများအား ရေးသားဖော်ပြထားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကနေဒါနိုင်ငံအခြေစိုက် ဘင်္ဂါလီ မွတ်စလင် (မူရင်း၌ ရိုဟင်ဂျာဟု ဖော်ပြ) အဖွဲ့အစည်းမှ ကနေဒါနိုင်ငံလူ့အခွင့်အရေး ပြတိုက်အား နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပတ်သက်သော အကြောင်းအရာများအား ဖယ်ရှားရန် ဖိအားပေးမှုများ ရှိခဲ့ကြောင်း သတင်းဖော်ပြချက်အရ သိရသည်။

အဆိုပါ ကနေဒါနိုင်ငံအခြေစိုက် ဘင်္ဂါလီအဖွဲ့အစည်းသည် ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီပဋိပက္ခများနှင့် ပတ်သက်၍ လူ့အခွင့်အရေးပြတိုက်၌ အထူးပြသမှုများ လုပ်ဆောင်ရန် ကြိုးပမ်းမှုများရှိကြောင်း သိရသည်။

Ref: Global News
Eleven Media Group

No comments:

Post a Comment