ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်တွင် သိန်း(၆၀၀၀)ကျော်တန်ဖိုးရှိ စိန်ရွှေရတနာများခိုးယူသွားသူအား ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။
ဖြစ်စဉ်မှာ လမ်းမတော်မြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ ဘုန်းကြီးလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်နေဒေါ်-------- သည် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်၊ နေ့လယ် ၂ နာရီဝန်းကျင်က ကမာရွတ်မြို့နယ်ရှိ “နိုဗိုတယ်” ဟိုတယ်တွင် သူငယ်ချင်းဖြစ်သူ နှင့်သွားရောက်တွေ့ဆုံနေစဉ် ၎င်းနှင့်အတူပါလာသော အိမ်အကူ အမျိုးသမီးအား နေအိမ်တွင်ထားရှိသည့် ကျောက်မျက်ရတနာပစ္စည်းများအား ပြန်ယူရန် ယာဉ်မောင်းဖြစ်သူ ကျော်သူရနှင့်အတူ စေလွှတ်လိုက်ကြောင်း သိရသည်။
ယင်းနောက် အဆိုပါကျောက်မျက်ရတနာများကို အိမ်အကူမှယူဆောင်ပြီး ဟိုတယ်သို့ပြန်လာခဲ့ရာ ဒေါ်------မှ ၎င်းကျောက်မျက်ရတနာပစ္စည်းများအား ၎င်း၏ကားပေါ်တွင် ပြန်လည်ထားရန်ပြောဆိုခဲ့သဖြင့် အိမ်အကူမှ ကားပေါ်တွင် ကျောက်မျက်ရတနာများထားပြီး ပြန်လာခဲ့ကြောင်း သိရသည်။
ဒေါ်-------သည် ယင်းနေ့၊ နေ့လယ် ၂ နာရီ ၂၅ မိနစ်ဝန်းကျင်တွင် ဟိုတယ်မှပြန်လည်ထွက်ခွာလာပြီး ကားရှိရာသို့လာရောက်စဉ်ကားကိုသာ တွေ့ရှိခဲ့ပြီး ယာဉ်မောင်းကျော်သူရနှင့် ကျောက်မျက်ရတနာပစ္စည်းများ ထည့်ထားသော စက္ကူအိတ်ကိုမတွေ့ရှိသဖြင့် ကျော်သူရ၏ လက်ကိုင်ဖုန်းအား ဆက်သွယ်ရာ စက်ပိတ် ထားကြောင်း သိရှိရသဖြင့် စက္ကူအိတ်ဖြင့် ထည့်ထားသော နီလာတစ်တန်းပါ ရွှေဆွဲကြိုး (၃)ကုံး၊ ပတ္တမြား တစ်တန်းပါ ရွှေဆွဲကြိုး (၁)ကုံး၊ ပတ္တမြားနှင့်စိန်ကြိုးနှစ်တန်းသွားကြိုး(၁)ကုံး၊ နားဆွဲ(၁)ရံ၊ ပတ္တမြား(၁)ထုပ် (အလေးချိန် ၁၀၀ ကလပ်)၊ ပတ္တမြားပန်းရောင်(၁)ထုပ်(ကလပ်မမှတ်မိ)၊ ပတ္တမြား(၁)ထုပ် (အလေးချိန် ၄၇ ကလပ်) စသဖြင့် စုစုပေါင်းတန်ဖိုး( ကျပ်သိန်း ၆၃၄၄) ခိုးယူသွားသည့် ယာဉ်မောင်းဖြစ်သူ စမ်းချောင်း မြို့နယ်၊ စမ်း/မြောက်ရပ်ကွက်နေ ကျော်သူရ အား အရေးယူပေးပါရန် တိုင်တန်းသဖြင့် ကမာရွတ်မြို့မရဲစခန်း၌ (ပ) ၇၄၄/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၁ ဖြင့်အမှုဖွင့်ကာစုံစမ်းခဲ့ကြောင်း သိရသည်။
အမှုနှင့်ပတ်သက်၍ ယာဉ်မောင်းကျော်သူရနေထိုင်ရာသို့စုံစမ်းရာ ၎င်းသည် စမ်းချောင်းမြို့နယ်၊ စမ်း/မြောက်ရပ်ကွက်တွင် နေထိုင်းခြင်းမရှိဘဲ ပြောင်းရွှေ့သွားကြောင်းသိရှိရ၍ ပူးပေါင်းအဖွဲ့သည် ဆက်လက်စုံစမ်းဖော်ထုတ်ဆောင်ရွက်ခဲ့ရာ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်၊ ည ၈ နာရီခန့်တွင် ကမာရွတ်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၌ အနက်ရောင်ကျောပိုးအိတ်(၁)အိတ်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး သက်သေခံပစ္စည်းအချို့ကို ပြန်လည်သိမ်းဆည်းရမိခဲ့သည်။
ထို့နောက်ဖမ်းဆီးရမိသည့် ကျော်သူရအားစစ်ဆေးမေးမြန်းရာ အမှုမှကျောက်မျက်ရတနာများကို ခိုးယူခဲ့ပြီး ယခင်ကရင်းနှီးခဲ့ဖူးသူ ရွှေပန်းတိမ်ဆရာအောင်သူမျိုး(ခ)သားကြီးနှင့်တွေ့ဆုံကာ နီလာဆွဲကြိုး(၃)ကုံး၊ ပတ္တမြား ဆွဲကြိုး(၁)ကုံးတို့အား ကျောက်များထုတ်၍ရွှေများအား အရည်ကျိုအတုံးပြုလုပ်ခဲ့ကြောင်း၊ စိန်ထုပ်(၁)ထုပ်အား ရောင်းချခဲ့ကြောင်း၊ ကျောက်နီ ၂ ပွင့်အား လက်စွပ်လုပ်ရန်အပ်နှံခဲ့ကြောင်းသိရှိခဲ့ရသည်။
စစ်ဆေးပေါ်ပေါက်ချက်အရ ခိုးယူရရှိလာသော ရတနာပစ္စည်းများအား အထည်ဖျက်ပြုလုပ်ပေးသူ ကြည့်မြင်တိုင်မြို့နယ်၊ ဈေးကြီးအနောက်ရပ်ကွက်၊ ရတနာပုံလမ်းနေ အောင်သူမျိုး(ခ)သားကြီးအား ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်၊ ည ၁၁ နာရီဝန်းကျင်တွင် သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ထို့ကြောင့် ဖမ်းဆီးရမိသူများဖြစ်သည့် ကျော်သူရနှင့် အောင်သူမျိုးတို့အား ဥပဒေအရစစ်ဆေးနေပြီး သက်သေခံပစ္စည်းများကို ပြန်လည်သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။
Akonthi







0 comments:
Post a Comment